ရခိုင်တပြည်လုံး ထိန်းချုပ်ထားနိုင်သည့် အခြေအနေရောက်ရှိဟု AA ကြေညာ
ဧရာဝတီ၊ မေ ၃၀၊ ၂၀၂၆
ရခိုင်တပြည်လုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီး တမျိုးသားလုံး၏ ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလို ရောက်ရှိနေကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ယမန်နေ့ ညပိုင်း ထုတ်ပြန်ကြေညာသည်။
ထိုသို့ အောင်မြင်မှုများရရှိလာခြင်းသည် အာရက္ခစစ်သည်တော်တို့၏ အသက်၊ ဘဝ၊ ခန္ဓာ၊ သွေး၊ ချွေးပေါင်းများစွာကို နေ့တိုင်းစွန့်လွှတ်အနစ်နာခံမှု၊ တိုက်ပွဲဝင်ပြီး အောင်ပွဲများရယူနိုင်ခြင်း၏ အကျိုးရလဒ်ဖြစ်သည့်နည်းတူ ရဲရင့်ပြောင်မြောက်သော အာရက္ခပြည်သူလူထုများ၏ တာဝန်ကျေပွန်မှုကြောင့်ဖြစ်ကြောင်း၊ တပြိုင်နက်တည်းတွင် မပြီးပြတ်သေးသော တော်လှန်ရေးကြီး အလုံးစုံပြည့်ဝအောင်မြင်မှုရရှိရေးအတွက်လည်း အာရက္ခစစ်သည်တော်များသည် ရှေ့တန်းစစ်မျက်နှာမှနေ၍ ရန်သူနှင့် အပြင်းအထန် ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်နေကြပြီး ရှုံးမဲ မဲနေသော ရန်သူသည် မြို့ရွာများအား လက်နက်ကြီး၊ လေကြောင်းများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ယခင်ကထက် ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း သတိပေးထားသည်။
ထိုအခြေအနေတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ၊ ရပ်ရွာ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စသည့် တိုင်းပြည်တည်ဆောက်ရေးကဏ္ဍများနှင့် ပြည်သူ့ဝန်ဆောင်မှုများကို ပြည်သူနှင့် လက်တွဲလျက် အချိန်နှင့်တပြေးညီ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ် လုပ်ဆောင်လျက်ရှိကြောင်း AA က ဆိုသည်။
နှစ်ကာလရှည်ကြာ စုပုံနေခဲ့သော ဆိုးမွေများကြောင့် အာရက္ခဒေသအတွင်း လူမှုဘဝနေထိုင်မှုအဆင့် အတန်းမှာ အဖက်ဖက်မှ နိမ့်ကျလျက်ရှိနေကြောင်း၊ ထို့ကြောင့် လူထုထပ်မှုများကို စနစ်တကျ ဖြည့်တင်းပေးနိုင်ရန်၊ လမ်းနယ်နိမိတ်အပါအဝင် ကားလမ်းဘေးခြံနေရာများအား ဥပဒေမဲ့ ကျူးကျော်မှုများ ထိန်းသိမ်းနိုင်ရန် “မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများ” ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း AAက ထုတ်ပြန်ထားသည်။
အထူးသဖြင့် အာရက္ခပြည်သမိုင်း ၏ အထင်ကရနှင့် အာရက္ခတို့၏ အသည်းနှလုံးဖြစ်သည့် “မြောက်ဦး မြေဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဇုန်” အား သန့်ရှင်းသပ်ရပ်စွာဖြင့် ရေရှည်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်၊ ကမ္ဘာ့အဆင့်၊ အာရက္ခအမွေအနှစ်အဖြစ် တည်တံ့နိုင်ရန် ရည်ရွယ်ချက်များဖြင့် “မြောက်ဦးမြို့ မြို့တည်ဆောက်ရေးစီမံကိန်း” ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း AA က ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း အာရက္ခတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်၊ အနာဂတ်အာရက္ခမျိုးဆက်များအတွက် အဆင့်အတန်းမြင့်မားပြီး လှပခေတ်မီသော လူ့ဘောင်တခု ချန်ထားခဲ့နိုင်ရန်နှင့် မြို့ပြစီမံကိန်းများ အောင်အောင်မြင်မြင် အကောင်အထည်ပေါ်နိုင်ရန် အမျိုးသားရေးအသိစိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ်ထားရှိသော အရင်းခံစေတနာစိတ်များဖြင့် ယခင်ကထက်ပို၍ ပူးပေါင်းပါဝင်ပေးကြပါရန် AA က တိုက်တွန်းထားသည်။
ပုံစာ-ရခိုင်-ဧရာဝတီအစပ်တွင် တွေ့ရသော AA တပ်ဖွဲ့/AA Info Desk