တေဇပိုင် ထူးဆီဆိုင်အပါအဝင် ခရိုနီပိုင် ဆီဆိုင်ကြီးများတွင် ကားဝှီးတက် QR မိတ္တူများဖြင့် စက်သုံးဆီ ခိုးထုတ်ရောင်းချနေမှုကို နေပြည်တော်စွမ်းအင်ဝန်ကြီးဌာနက အရေးမယူဘဲ ပယ်ချ
ရန်ကုန်၊ မေ ၃၀
အကြမ်းဖက်စစ်တပ်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီခွဲတမ်း ချပေးသည့်စနစ်ကို အလွဲသုံးစားပြုလုပ်၍ တေဇပိုင် ထူးစက်သုံးဆီဆိုင် အပါအဝင် ခရိုနီပိုင် ဆီဆိုင်ကြီးတချို့တွင် မော် တော်ယာဉ်များ၏ စာအုပ် (ဝှီးတက်) မိတ္တူများဖြင့် QR ကုဒ်များကို ခိုးယူဖတ်ကာ စက်သုံးဆီများ ခိုးထုတ်ရောင်းချနေမှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားနေကြောင်း စွမ်းအင်ဝန်ကြီးဌာနသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယင်းသို့ မသမာမှုများ ပြုလုပ်နေခြင်းကို နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် ၆ သို့ ပြည်သူများက အထောက်အထားအပြည့်အစုံဖြင့် တိုင်ကြားခဲ့သော်လည်း၊ ဝန်ကြီးဌာနအောက်ရှိ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခရိုနီဆိုင်များထံမှ လာဘ်ငွေယူကာ တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ လွှတ်ထားပေးသည့်အတွက် ပြည်သူများအကြား အပြင်းအထန် ဝေဖန်မှုများ ထွက်ပေါ်နေသည်။
လက်ရှိတွင် ရေနံရုံး (ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန) အနေဖြင့် စက်သုံးဆီဆိုင်များကို ဆီခွဲတမ်း ပြန်လည်ချပေးရာ၌ ဆိုင်များက QR စနစ်ဖြင့် အမှန်တကယ် ဖတ်၍ ရောင်းချထားသည့် လီတာပမာဏအတိုင်းသာ ကုန်ထုတ်အမိန့် (PO) ချပေးသည့် စနစ်ဖြင့် ချုပ်ကိုင်ထားသည်။
ထိုသို့ ချုပ်ကိုင်လိုက်သည့်အခါ ဆီဆိုင်အချို့သည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရှိ အောက် ခြေဝန်ထမ်းအချို့နှင့် ပူးပေါင်းကာ မော်တော်ယာဉ်များ၏ စာအုပ် (ဝှီးတက်) မိတ္တူများကို ငွေပေးဝယ်ယူကြသည်။
ယင်းနောက် ဆီဆိုင်များက ညဘက်အချိန်များတွင် အဆိုပါ ဝှီးတက်မိတ္တူများရှိ QR ကုတ်များကို ထိုင်ဖတ်ကာ ကားများက ဆီလာရောက်ဝယ်ယူသွားသည့်ပုံစံဖြင့် အရောင်းပြ၍ စက်သုံးဆီခွဲတမ်း ပိုမိုရရှိအောင် စနစ်တကျ မသမာမှု ပြုလုပ်ကြခြင်းဖြစ်သည်။
“QR ကုတ် မိတ္တူနဲ့ ဆီဆိုင်တွေက စက်သုံးဆီတွေ အပတ်စဉ် မသမာမှုလုပ်တာက လီတာ ထောင်သောင်းချီရှိတယ်။ အဲဒါကို တိုင်ကြားတာလည်း ဘာမှ အရေးမယူဘူး။ ခရိုနီဆိုင်တွေကို လုံး၀ အရေးမယူဘူး” ဟု စွမ်းအင်ဝန်ကြီးဌာနသတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းကြောင့် အမှန်တကယ် ဆီဖြည့်တင်းရန် လိုအပ်နေသည့် ပြည်သူပိုင် မော်တော်ယာဉ်များမှာ ဆီဆိုင်သို့ သွားရောက်သည့်အခါတွင် မိမိတို့ယာဉ်၏ QR ကုဒ်မှာ ဆီဖြည့်ပြီးသား ဖြစ်နေသည်ဟုဆိုကာ ဆီဝယ်ယူခွင့်မရဘဲ အခက်အခဲများနှင့် နစ်နာမှုများစွာ ကြုံတွေ့နေကြရသည်။
ပြင်ဦးလွင်မြို့ရှိ ဦးတေဇပိုင် “ထူးစက်သုံးဆီဆိုင်” တွင်လည်း QR မိတ္တူများဖြင့် စက်သုံးဆီ လီတာပေါင်းများစွာ မသမာမှုများ လုပ်ဆောင်နေပြီး ယင်းလုပ်ဆောင်မှုအပေါ် တိုင်ကြားသော်လည်း မန္တလေး တိုင်းရေနံရုံးမှ စစ်ဆေးရေးအရာရှိ (DIO) နန္ဒာအောင်ကို ထူးစက်သုံးဆီဆိုင်မန်နေဂျာက သွားရောက်ဂါရဝပြု ညှိနှိုင်းခဲ့ကြောင်း၊ ထို့ ကြောင့် အရေးမယူဘဲ ပြေလည်သွားကြောင်း ၊ ထို့နောက် တိုင်း ရုံးမှတစ်ဆင့် ရေနံရုံးချုပ်သို့ အဆိုပါ ထူးဆီဆိုင်တွင် အပြစ်မရှိကြောင်း စာတင်ခိုင်းကာ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ အမှုပိတ်ကာ လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
အလားတူပင် “Moon Sun” စက်သုံးဆီဆိုင်နှင့် “360 Petro” စက်သုံးဆီဆိုင်များတွင်လည်း အခြားယာဉ်များ၏ QR ကုဒ်များကို မသမာသော နည်းလမ်းများဖြင့် ခိုးယူဖတ်ကာ ဆီထုတ်ယူနေမှုများကို ပြည်သူများက အမိန့်ညွှန်ကြားချက်များနှင့်တကွ တိုင်ကြားခဲ့ကြသော်လည်း၊ စွမ်းအင်ဝန်ကြီးရုံးအထိ တိုင်စာများ ရောက်ရှိသွားသည့်တိုင် မည်သည့်အရေးယူမှုမျှ မရှိဘဲ ပယ်ချထားခဲ့ကြောင်း သိရှိရသည်။
တစ်ဖက်တွင်မူ… စစ်တပ်၏ စွမ်းအင်ဝန်ကြီးဌာနက SME ဆီဆိုင်အငယ်လေးများတွင် ယခုကဲ့သို့ အလားတူ ဖြစ်စဉ်မျိုး အနည်းငယ် တွေ့ရှိရပါက ဆိုင်ကို ၃ လခန့် ယာယီပိတ်သိမ်းခြင်းနှင့် ဆိုင်မန်နေဂျာများကို ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်လေ့ရှိသော်လည်း၊ ခရိုနီဆိုင်ကြီးများ ဖြစ်ပါက လာဘ်စား၍ အရေးမယူဘဲ လွှတ်ထားပေးကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ Moon Sun ဆီဆိုင်နှင့် သာကေတမြို့နယ်ရှိ 360 Petro ဆီဆိုင်တို့တွင် ၎င်း၏ ယာဉ်နံပါတ် QR ကုတ်မိတ္တူများစွာကို မသမာနည်းဖြင့် အသုံးပြု၍ စက်သုံးဆီ လီတာအမြောက်အမြား ခိုးယူဖြည့်တင်းသွားခဲ့ကြောင်း CCTV မှတ်တမ်းများနှင့်တိုင်ကြားသော်လည်း အရေးယူမှုမရှိကြောင်း သိရှိရသည်။
သို့သော်လည်း စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်ညွှန်ကြား ချက်များကို ခရိုနီဆိုင်ကြီးများက ဗြောင်ကျကျ ချိုးဖောက်နေသည်ကို သိရှိပါလျက်နှင့် ယနေ့ထက်ထိ နှုတ်ဆိတ်နေပြီး၊ တိုင်စာများကို လျစ်လျူရှုကာ ခရိုနီများနှင့် အကျိုးအမြတ် ခွဲဝေယူနေကြခြင်းကြောင့် စက်သုံးဆီဈေးကွက်အတွင်း မသမာမှုများနှင့် ပြည်သူများ နစ်နာမှုများမှာ ပိုမိုဆိုးရွားလာနေကြောင်း သိရှိရသည်။