ရခိုင်တမျိုးသားလုံးရဲ့ ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ဖို့ လက်တကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်တယ်လို့ AA ပြော
နိရဉ္စရာ၊ မေ ၃၀/၂၀၂၆








ရခိုင် တမျိုးသားလုံးရဲ့ ရည်မှန်းချက်မှာ ရာနှုန်းပြည့်အောင်မြင်ရရှိဖို့ လက်တကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ပြောဆိုလိုက်ပါတယ်။
၂၀၂၆ခုနှစ် မေ ၂၉ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ အာရက္ခတပ်တော်ရဲ့ အောင်ပွဲ ရရှိနေတာနဲ့ ပတ်သက်ပြီး အခုဖော်ပြထားတာဖြစ်ပါတယ်။
အခုလို အောင်မြင်မှုတွေ ရရှိလာတာဟာ အာရက္ခစစ်သည်တော်တွေရဲ့ အသက်၊ ဘဝ၊ ခန္ဓာ၊ သွေး (သွီး)၊ ချွေးပေါင်းများစွာကိုနေ့တိုင်း စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်တိုက်ပွဲဝင်ပြီး အောင်ပွဲတွေ ရယူပေးနိုင်ခြင်းရဲ့ အကျိုး ရလဒ်ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
တစ်ဖက်မှာလည်း ဒီလို အောင်မြင်မှုရတာဟာ ရဲရင့်ပြောင်မြောက်တဲ့ အာရက္ခပြည်သူလူထုတွေရဲ့ တာဝန်ကျေပွန်မှုကြောင့် ဖြစ်တယ်လို့လည်းဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အာရက္ခပြည်သူလူထုတရပ်လုံးနနဲ့ တတူ ခိုင်မာစွာ လက်တွဲလျက် အာရက္ခအမျိုးသားတော်လှန်ရေးကြီးတရပ်ကို မရပ်မနား တစိုက်မတ်မတ် ဆင်နွှဲလျက်ရှိနေပါတယ်လို့ ထုတ်ပြန်ချက်ကတစ်ဆင့် ရခိုင်ပြည်သူတွေကို အသိပေးလာပါတယ်။
လက်ရှိအချိန် ကာလမှာ အာရက္ခတပြည်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ အနေအထားသို့ ရောက်ရှိလျက်ရှိနေပြီး တမျိုးသားလုံးရဲ့ ရည်မှန်းချက်မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ လက်တကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်တယ်လို့ ဆိုထားပါတယ်။
တပြိုင်နက်တည်းမှာ မပြီးပြတ်သေးတဲ့ တော်လှန်ရေးကြီး အလုံးစုံပြည့်ဝ အောင်မြင်မှုရရှိရေးအတွက်လည်း အာရက္ခစစ်သည်တော်တွေဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ ရန်သူတွေနဲ့ အပြင်းအထန်ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်နေကြတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲ မဲနေပြီး အာရက္ခ ပြည်သူလူထုတွေ နေထိုင်ရာ မြို့ရွာတွေကိုလက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေကို အယင်ကထက် ပိုမိုလုပ်ဆောင်လျက်ရှိနေတယ်လို့ ပြောပါတယ်။
ဒီလို စစ်မြေပြင်မှာ ရန်သူနဲ့ စစ်ရေးအရအပြင်းထန်ဆုံး ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ နည်းတူ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရကို နိုင်ငံတကာဖိအားတွေ သက်ရောက်စေဖို့ အားထုတ် ကြိုးပမ်းနေတဲ့ အစုအဖွဲ့တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အမျိုးသား သစ္စာဖောက်အချို့ကလည်း တကိုယ်တော်တိုက်ခိုက်ဆောင်ရွက်ချက်တွေကို ဘက်စုံထောင့်စုံကနေ ပြုလုပ်နေတာကို ရင်ဆိုင်နေရတယ်လို့ ရေးသားဖော်ပြထားပါတယ်။
အခုလို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုက်ခိုက်မှုတွေ ကြားထဲမှာပင် အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရဟာ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ၊ ရပ်ရွာ၊ ကျေးလက် ဖွံ့ဖြိုးရေ စီမံကိန်းစတဲ့ တိုင်းပြည် တည်ဆောက်ရေးကဏ္ဍတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကိုပါ အာရက္ခပြည်သူ လူထုများနဲ့အတူတကွ ခိုင်မြဲစွာလက်တွဲလျက် အချိန်နဲ့ တပြေး ညီ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ် လုပ်ဆောင်လျက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီသတင်း ကောင်မန့်ရဲ့ လင့်ထဲကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်>>>
ပုံစာ- ရခိုင်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း AA က သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေ ( ဓာတ်ပုံ- AA Info Desk)