မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်းလမ်းတွင် စစ်တပ်ထောက်ပို့ကားကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများနှင့် ၁၂၂ မမ MLRS ရော့ကတ်များပါ သိမ်းဆည်းရရှိ
ရန်ကုန်၊ မေ ၂၉






မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း စစ်ကောင်စီ၏ ထောက်ပို့စစ်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများနှင့်အတူ ၁၂၂ မမ MLRS ရော့ကတ်များကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မေလ ၂၈ ရက်နေ့ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်၌ မောင်းနှင်လာသော စစ်ကောင်စီ၏ ထောက်ပို့ကားတစ်စီးကို မင်းဘူးမြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ်တပ်မတော်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ပြီးနောက် နှစ်ဖက်အကြား မိနစ် ၂၀ ကြာ ထိတွေ့ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ထိတွေ့ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ထံမှ လက် နက် ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ရာတွင် အူဇီ (Uzi) သေနတ် ၃ လက်၊ MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည် လက်ဆွဲဘောက် ၁ လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်းသေတ္တာ ၆ လုံး၊၁၂၂ မမ MLRS ရော့ကတ် ၂၈ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ယခုတိုက်ခိုက်မှုသည် စစ်တပ်က စိုးမိုးထားသည့် နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် အနီးကပ်ဆုံးနေရာတွင် သွားရောက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ မြေပြင်တိုက်ခိုက်ရေးစွမ်းရည်ကို ထင်ရှားစွာပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။