သွင်းကုန် တင်သွင်းမှုများပြား၍ ကုန်သွယ်ရေးလိုငွေပြသည်ဟုဆိုကာ မင်းအောင်လှိုင်က စက်သုံးဆီတင်သွင်းမှုများကို အကြီးအကျယ်လျှော့ချလိုက်ပြီး ဆီဆိုင်များသို့ ဆီခွဲတမ်းများကို ၅၀ ရာခိုင်နှုန်းကျော် လျှော့ချ၊ ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုများ တကျော့ပြန်ဖြစ်နေ
ရန်ကုန်၊ မေ ၂၉
မြန်မာနိုင်ငံအတွင်းသို့ သွင်းကုန်တင်သွင်းမှုများပြား၍ ကုန်သွယ်ရေးလိုငွေပြသည်ဟုဆိုကာ မင်းအောင်လှိုင်က စက်သုံးဆီတင်သွင်းမှုများကို အကြီးအကျယ်လျှော့ချလိုက်ပြီး စက်သုံးဆီ အရောင်းဆိုင်များသို့လည်း ဆီခွဲတမ်းများကို ၅၀ ရာခိုင်နှုန်းကျော်စတင်လျှော့ချနေကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူရေးအသင်းထံမှ သိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ အရပ်သားအမည်ခံအစိုးရအဖြစ် ဖွဲ့စည်းတာဝန်လွှဲပြောင်းရယူပြီးနောက် နိုင်ငံတွင် သွင်းကုန်တင်သွင်းမှုများ များပြားနေသဖြင့် ကုန်သွယ်မှု လိုငွေပြလာကြောင်း၊ ထို့ ကြောင့် သွင်းကုန်များကို လျှော့ချရန် ညွှန်ကြားလာသဖြင့် စက်သုံးဆီတင်သွင်းမှုများကို စတင်လျှော့ချနေကြောင်း၊ စက်သုံးဆီ တင်သွင်းမှု လျှော့ချမှုနှင့်အတူ စက်သုံးဆီအရောင်းဆိုင်များသို့လည်း ဆီခွဲတမ်းများကို ၅၀ ရာခိုင်နှုန်းကျော် စတင်လျှော့ချနေကြောင်း သိရှိရသည်။
“ဆီခွဲတမ်းတွေ စလျှော့လာတာက PO 12 ကတည်းက။ ကုန်သွယ်ရေးလိုငွေပြတယ်၊ ဒေါ်လာ နည်းလာတယ်ဆိုပြီး ဆီသွင်းတာရော ခွဲတမ်းရော အကုန်စလျှော့တယ်။ ဆီခွဲတမ်းက အရင်ရနေတာထက် ၅၀ ရာခိုင်နှုန်းလျှော့ပစ်တယ်” ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
ယခင်က အသေးစားနှင့်အလတ်စား စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ၁ ပတ်လျှင် ဓာတ်ဆီ (Octane 92) လီတာ ၁၅,၀၀၀ ရရှိနေရာမှ ယခုအခါ ၁ ပတ်လျှင် စက်သုံးဆီလီတာ ၄၆၀၀ လီတာသာ ရရှိတော့ကြောင်း၊ ယခင်က ၁ ပတ်လျှင် ပရီမီယံ ဒီဇယ် (PD) လီတာ ၁၄၅၆၀ လီတာ ရရှိမှ ယခုအခါ လီတာ ၂၆၀၀ သာ ရရှိတော့ကြောင်း သိရှိရသည်။
တချို့သော ဆီဆိုင်ငယ်များမှာမူ ၁ ပတ်လုံးစာခွဲတမ်းအဖြစ် ဓာတ်ဆီ 92 ၁၈၂၀ လီတာသာရရှိတော့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ စက်သုံးဆီအရောင်းဆိုင်များ အားလုံး (ဓာတ်ဆီရော ဒီဇယ်ပါမကျန်) ခွဲတမ်းများ ထက်ဝက်ကျော် လျှော့ ချခံရသည့်အပြင် ရရှိနေသည့် ဆီခွဲတမ်းများကိုလည်း ရောင်းချသည့်စာရင်းအလိုက် စွမ်းအင်ဝန်ကြီးဌာနထံသို့ မဖြစ်မနေ တင်ပြနေရကြောင်း သိရှိရသည်။
“အခု ဆီဆိုင်တွေမှာ ဆီတွေ စပြတ်နေပြီ။ ဒီအတိုင်း ဆက်သွားရင် ဆီဆိုင်တွေမှာ ဆီတွေ ပြန်တန်းစီရဖို့ရှိနေတယ်” ဟု အသေးစားအလတ်စား စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သွင်းကုန်တန်ဖိုးများ မြင့်တက်လာခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် သွင်းကုန်လျှော့ချရေး မူဝါဒချမှတ်လိုက်ပြီး သွင်းကုန်များ လျှော့ချသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ထွန်းအုံက ယခုမေလအတွင်း ပြုလုပ်ခဲ့သည့် ကုန်သွယ်ရေးအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည်။
ထိုကဲ့သို့ စက်သုံးဆီခွဲတမ်းများ အကြီးအကျယ် လျှော့ချခံရမှုကြောင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်း (MSME/SME) များမှာ ရှေ့ဆက်ရန် ခက်ခဲနေပြီး လုပ်ငန်းရှင်များက စီးပွားရေးလည်ပတ်မှု မရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
“ကျနော်တို့ဆို မလည်ပတ်နိုင်တော့ဘူး။ Importer ဆိုင်တွေတော့ အကြိုက်ပေါ့ SME တွေတော့ တောင့်မခံနိုင်တော့ဘူး။ တိုင်းပြည်ဆုတ်ယုတ်လာတာပဲ။ SME ဆီဆိုင်တွေ ပြုတ်လာတာက၊ ဆီကုမ္ပဏီအကြီးကြီးတွေနဲ့ သူတို့ စစ်တပ်နဲ့ အဆင်သင့်တဲ့ဟာတွေပဲ အခွင့်ရေးရ နေတာ” ဟု ဆီအရောင်းဆိုင်ပိုင်ရှင်က ဆက်လက်ရှင်းပြသည်။ See less