မန္တလေးတွင် လူပျောက်မှုနှင့် စစ်မှုထမ်းရောင်းစားခံရမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေ

မန္တလေးတွင် လူပျောက်မှုနှင့် စစ်မှုထမ်းရောင်းစားခံရမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေ
မေ ၂၆၊ ၂၀၂၆
မန္တလေးမှာ ရက် ၁၀၀ စီမံချက်စတင်ပြီးနောက်ပိုင်း ​စစ်တပ်လက်ပါးစေ ပျူစောထီးတွေကပေါ်တာဆွဲ ဖမ်းဆီးလူရောင်းစားတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်လာပြီး မိသားစုဝင်တွေမသိရဘဲ လူပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ မန္တလေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မန္တလေးမြို့မှာ စစ်မှုထမ်းအင်အားစုဆောင်းတာတွေကို အရင်ကတည်းကလုပ်ဆောင်ခဲ့တာ ဖြစ်ပေမဲ့ လက်ရှိမှာတော့ သူတို့လက်အောက်ခံ ပျူစောထီးနဲ့ လူမိုက်ဆိုသူတွေက စစ်မှုထမ်းလူသစ်စုဆောင်းတာကို စျေးကွက်သဖွယ် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။
အမျိုးသားလူငယ်လူရွယ်တစ်ဦးကို ဖမ်းဆီးနိုင်ရင် ငွေ ၂ သိန်းကျပ်အထိပေးမယ်ဆိုတဲ့ မက်လုံးပေးခိုင်းစေတာတွေလည်းရှိတယ်လို့ မန္တလေး ကင်းထောက်သတင်းရင်းမြစ်ဖြစ်တဲ့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
မန္တလေးမြို့အတွင်းက အောင်မြင်သာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန်စတဲ့ မြို့နယ်တွေမှာ လူငယ်၊ လူရွယ်အမျိုးသားတွေဟာ နေ့စဥ်နဲ့အမျှဆိုသလို စစ်တပ်လက်ပါးစေ ပျူစောထီး၊ လူမိုက်နဲ့ ရပ်ကွက်အာဏာပိုင်တွေရဲ့ ပေါ်တာဆွဲလူသစ်စုဆောင်းတာကို ခံနေရတယ်လို့သိရပြီး စစ်မှုထမ်းအတွက် ရောင်းကုန်သဖွယ်ရောင်းချခံနေရတယ်လို့လည်း ဒေသခံတွေက​ပြောပါတယ်။
အထက်ပါ လူရမ်းကား၊ ဆိုးသွမ်းသူတွေဟာ လမ်းသွားလမ်းလာလူငယ်တွေကို ကားနဲ့လိုက်ပြီး ထိုးကြိတ်ဖမ်းဆီးတာ၊ နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေအပြင် လူငယ်သဘာဝ ဖို၊ မကိစ္စတွေနဲ့ပါ သွေးဆောင်ပြီး လူသစ်စုဆောင်းတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မေလ ၁၉ ရက်နေ့ ညပိုင်းကလည်း မဟာအောင်မြေမြို့နယ်၊ သံရှေ့ရပ်ကွက်၊ သင်္ဂဇာပန်းခြံအနီးမှာ အသက် ၃၀ အရွယ် လူလတ်ပိုင်း ၂ ဦးကို Honda fit ကားတစ်စီးနဲ့ Mark2 ကားတစ်စီးပေါ်ကနေ အတင်းဆွဲတင်ဖမ်းဆီးခဲ့တယ်လို့ မန္တလေးသတင်းရင်းမြစ် Voice Of Mandalay ကပြောပါတယ်။
အလားတူမေလ ၂၄ ရက်နေ့ညပိုင်းကလည်း ခြငင်္သေ့ကြီးရုပ်တုအဆင်းမှာ စမ်းရေမိုးဇာတ်ပွဲသွားရောက်ကြည့်ရှုတဲ့ လူငယ် ၂ ဦးကို ကားပေါ်​အတင်းဆွဲတင်ပြီး ပေါ်တာဆွဲဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးမှာ မိသားစုပါသတင်းမရတဲ့အထိ လူပျောက်ဆုံးမှုတွေလည်း ဆိုးဆိုးရွားရွားရှိလာတယ်လို့ Voice Of Mandalay ကဖော်ပြပါတယ်။
ပျောက်ဆုံးသူတွေဟာ အလုပ်သွားရာတဆင့်ပျောက်ဆုံးတာ၊ ပစ္စည်းသွားပို့ရာကနေ အဆက်သွယ်မရတော့တာမျိုးတွေဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်း ၃၀၅ လမ်းမှာ နေထိုင်တဲ့ ဦးမြင့်လွင်ဆိုသူအပါအဝင် လူ ၁၁ ယောက်ဟာလည်း တောင်ကြီးမြို့၊ အေးသာယာမြို့ကို အလုပ်လုပ်ဖို့ သွားရောက်ချိန် မေလ ၂၀ ရက်နေ့ကစလို့ ဖုန်းတွေစက်ပိတ်ပြီး ဒီကနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း Voice Of Mandalay ကဖော်ပြပါတယ်။
Voice Of Mandalay တာဝန်ရှိသူကတော့ အဆိုပါ လူပျောက်မှုဖြစ်စဥ်တွေနဲ့ စစ်တပ်ပေါ်တာဆွဲ အင်အားစုဆောင်းတာတွေဟာ ဆက်စပ်မှုရှိတယ်လို့ ပြောဆိုပါတယ်။
“အခုက တချို့လူပျောက်တာတွေဆို အိမ်ကမိသားစုတောင်မသိကြဘူး။ ကျနော်တို့ သတင်းအဖွဲ့ရဲ့ ပေ့ချ်မှာလာပြောကြတယ်။ သူတို့ရဲ့ဘယ်သူဘယ်သူပျောက်နေပါတယ်ပေါ့။ ဒီတော့ ပြည်သူတွေ သတိထားဖို့ပြောချင်ပါတယ်။ ပေါ်တာဆွဲတာတွေကလည်း ဆိုးနေတော့ဆက်စပ်နေနိုင်ပါတယ်” လို့ အထက်ပါတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အခုလို ပေါ်တာဆွဲဖမ်းဆီးမှုတွေအပြင် လူပျောက်ဆုံးမှုတွေပါ ဆက်တိုက်ရှိလာတာကြောင့် ပြည်သူတွေအနေနဲ့အချိန်မတော်သွားလာတာမလုပ်ကြဖို့နဲ့ မဖြစ်မနေအပြင်သွားလာရင်လည်း အထူးသတိပြုသွားလာကြဖို့ကို Voice Of Mandalay က တိုက်တွန်းထားပါတယ်။