မြိုင်မြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများ အခိုင်အမာ တပ်စွဲထားသော သရက်ကန်ရွာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများရရှိကာ ပြည်သူ ၄၉ ဦးကို ကယ်တင်နိုင်ခဲ့
ရန်ကုန်၊ မေ ၂၅












မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများ အခိုင်အမာ တပ်စွဲထားသော သရက်ကန်ရွာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများရရှိကြောင်း အညာမြေတပ်ပေါင်းစုမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၂၂ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန် မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးကျေးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး “တမာမြေစစ်ဆင်ရေး” အဖြစ်ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းပစ်ကူ အကြိမ်ရေ ၄၀ ထက်မနည်းပစ်ကူပေးသည့်ကြားမှ မေလ ၂၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားနှင့် ပျူစောထီးများ ကိုင်ဆောင်အသုံးပြုသော ကာဘိုင် အမျိုးအစား သေနတ် ၁၁ လက်၊ ၁၂ ဗို့ သေနတ် ၆ လက် ၊ လက်လုပ်သေနတ် ၁ လက် နှင့် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့သည့်အပြင် ကျေးရွာအတွင်း ၅ နှစ်ကြာ ပျူစောထီးများ၏ ဖိနှိပ်မှုဒဏ်ကိုခံစားနေရ သည့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၄၉ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။
“ပျူအယောက် ၄၀ ဖမ်းမိတယ်ဆိုတဲ့သတင်းကို ကျနော်တို့ လုံးဝအတည်မပြုပါဘူး။ အဲဒါက တခြား ဒေသတစ်ခုက ဗွီဒီယိုဖိုင်နဲ့ ကျနော်တို့ သရက်ကန်ကလည်း အရမ်းဟော့ဖြစ်နေတော့ ပွဲဆူအောင် လုပ်တယ်လို့ မြင်ပါတယ်။ အဲဒီညက မိုးကလည်း အရမ်းရွာနေတော့ မိုးရွာကြီးထဲကနေပဲ သူတို့က တွင်းမ ပျူစောထီးရွာကို ထွက်ပြေးသွားကြတာ။ မြိုင်မြို့နယ်မှာ ပျူစောထီး လက်ကျန်ရွာ ၃ ရွာပဲ ရှိတာ။ အခုက သရက်ကန်ရွာရရှိပြီဆိုတော့ ကန်နီနဲ့တွင်းမဆိုတဲ့ ပျူစောထီးကျေးရွာ ၂ ရွာပဲ ကျန်တော့တယ်။ ဒီသရက်ကန်ပျူရွာက ဗျူဟာမြောက်အရလည်း အရေးပါတဲ့ ကျေးရွာဖြစ်နေတာ၊ သူက ဒေသတွင်း ဆက်လမ်းမကြီးပေါ်မှာ တည်ရှိတာအပြင် ပုသိမ် -မုံရွာလမ်းမကြီးနဲ့လည်း ၂ မိုင်လောက်ပဲ ဝေးတယ်။ ပခုက္ကူ -ကံမ – မြိုင်လမ်းမကြီးပေါ်မှာလည်း တည်ရှိပြီးတော့ ရေနံမြေကို အဓိကချိတ် ဆက်တဲ့ လမ်းမကြီးပေါ်မှာလည်း တည်ရှိနေတဲ့ ကျေးရွာဖြစ်တယ်။ အိမ်ခြေကတော့ ၃၉၀ ခန့်ရှိ တယ်။ လက် ရှိကတော့ ရှင်းလင်းရေးတွေလုပ်နေပါတယ်” ဟု အညာမြေတပ်ပေါင်းစုမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ “တမာမြေစစ်ဆင်ရေး”ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ၂ /၆/၇/ ၁၄/ ၁၇ တပ် ရင်းများ ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်း – ၁ ( MFUDC -1) ၊ KG တပ်ဖွဲ့၊ မြိုင်ပကဖ ၊ ပေါက်ပကဖ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု၊PLC တပ်ပေါင်း စု ၊ အညာမြေတပ်ပေါင်းစု ၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ပြည်သူ့ လုံခြုံရေးအင်အားစု( ကမ္မ) ၊ မြိုင်ပကဖအဖွဲ့ဝင်(ဂဠုန် ၊ JOKER ၊ GOOD BROTHER ၊ TYK ၊ JRF ၊ စကြာ် ၊ ဝံပုလွေ ) တပ် ဖွဲ့ များ ၊ တပ်ရင်းဆေးတပ်ဖွဲ့ ၊ မြို့နယ်ဆေးတပ်ဖွဲ့ ၊ မြိုင်မြိုနယ်တောင်ပိုင်းဇုန် ( ပအဖ ၊ ပကဖ) နှင့် တော်လှန်ပြည်သူများက စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မကွေးဖက်ဒရယ်ယူ နစ်ကာကွယ်ရေးကြီး၏ပူးပါင်းကူညီမှုကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန် ဒေသတွင်း စစ်ရေးပြင်းထန်လာနိုင်၍ သရက်ကန်ကျေးရွာကို အိမ်ပေါက်စေ့၊ လမ်း တိုင်းအပြည့် တိုက်မိုင်း၊ နင်းမိုင်းများ ထောင်ထားသောကြောင့် ပြည်သူများအနေဖြင့် ဝင်ထွက်သွား လာခြင်းများ မပြုလုပ်ကြသေးရန်၊ တော်လှန်ရေးတပ်ဖွဲ့များနေဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။