ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်တပ်စခန်း ၂ ခုကို KNU က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ မေ ၂၅


ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် KNU က အကြမ်းဖက်စစ်တပ်၏ စစ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။
မေလ ၂၂ ရက်နေ့ KNU ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ညောင်လေးပင်ခရိုင် မူးမြို့နယ် အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ စကခ-၂၀ လက်အောက်ခံ ခမရ-၅၈၂ တပ်ရင်းက တပ်စွဲထားသည့် ရွာကြီးအင်းနှင့် တောင် စုကျေးရွာအကြား စစ်စခန်းကိုလည်းကောင်း၊ မေလ ၂၃ ရက်နေ့ ညောင်လေးပင်ခရိုင် ထီးလေးထာ နေရာတွင် နေရာယူတပ်စွဲထားသည့် ခမရ-၅၈၂၊ ခမရ-၅၈၄ ပူးပေါင်းတပ်စခန်းတို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး အပါ အဝင် ၆ ဦး ထပ်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်ထံမှ MA-1 ၆ လက်၊ MA-3 ၄ လက်၊ MA-4 ၁ လက်၊ သံခမောက် ၅ လုံး၊ ကျည်ကာ ၄ စုံ၊ MA-1 ကျည်ဘောက် ၁၅ ခု၊ အီနာကာ MAခွဲဗုံး ၅ လုံး၊ MA ကျည်ဆံ ၂၀၇ တောင့်၊ M-79 ဗုံး ၁၈ လုံး၊ ခေါက်ဆိုလာ ၁ ချပ်၊ စကားပြောစက် ၁ လုံး နှင့် ဖုန်း ၁ လုံးတို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။