ရွှေကူ၊ ငါးအိုး၊ အင်းတော်၊ ကသာ၊ မဘိန်းနှင့် ဗန်းမော်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး တော်လှန်ရေးတပ်များ၏ FPV ဒရုန်းများကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြား

ရွှေကူ၊ ငါးအိုး၊ အင်းတော်၊ ကသာ၊ မဘိန်းနှင့် ဗန်းမော်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး တော်လှန်ရေးတပ်များ၏ FPV ဒရုန်းများကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြား
ရန်ကုန်၊ မေ ၂၄

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်အကြားရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး၊ တော်လှန်ရေးတပ်များ အသုံးပြုနေသော FPV (Kamikaze) အသေခံဒရုန်းများကြောင့် စစ်ကောင်စီတပ်ဘက်မှ အသေအပျောက် အလွန်များပြားနေကြောင်း KIA နှင့် PDF စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။
မေလလယ်ပိုင်းမှစတင်၍ ကချင်ပြည်နယ်အတွင်းရှိ ရွှေကူမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ကချင်နှင့် ရှမ်းအစပ်ရှိ မဘိန်းမြို့နယ်အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ ကသာနှင့် မော်လူးမြို့တို့ဘက်တွင် တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားလာခြင်း ဖြစ်သည်။ အဓိကအားဖြင့် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များကလည်း စစ်ကြောင်းများကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အဓိက စစ်တပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်း ပြင်းထန်ထန်ပြန်ဖြစ်နေတာ။ သူတို့ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် တော်လှန်ရေးတပ်တွေဘက်ကလည်း တန်ပြန်ထိုးစစ်တွေ ရှိနေပါတယ်။ ဒရုန်းနဲ့ပတ်သက်တာတွေကတော့ မထုတ်ပြန်တာများတယ်။ ရှေ့ တန်းမှာ ဒရုန်းတွေကြောင့် စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုများပြားပါတယ်”ဟု စစ်ရေးအခြေအနေကို ရှင်းလင်းပြောဆိုသည်။
အထူးသဖြင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ငါးအိုးကျေးရွာကြားတွင် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရသည်။
ကသာမြို့တိုက်ပွဲများ ပြင်းထန်နေစဉ်ကတည်းက စစ်ကောင်စီသည် ငါးအိုးရွာအခြေစိုက် ခလရ ၁၂၁ တပ်ရင်းအတွင်းသို့ စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်ခဲ့ပြီး၊ ထိုမှတစ်ဆင့် ရွှေကူမြို့ဘက်သို့ စစ်ကြောင်းထိုးလာခြင်းကြောင့် မေလအစောပိုင်းကတည်းက ရွှေကူ-ငါးအိုးကြားတွင် တိုက်ပွဲများ တစ်ကျော့ပြန် ပြင်းထန်လာခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ငါးအိုးဘက်မှ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းများကို ကြိုဆိုရန် ရွှေကူမြို့ဘက်မှလည်း စစ်ကောင်စီစစ်ကြောင်းအချို့ ထွက်ခွာလာခြင်းကြောင့် ရွှေကူမြို့အနီးတစ်ဝိုက်တွင်ပါ တိုက်ပွဲများ ကူးစက်ဖြစ်ပွားလျက် ရှိသည်။
မေလ ၂၁ ရက်နေ့ကလည်း ရွှေကူမြို့သို့ ဦးတည်ရွှေ့လျားလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အလွန်များပြားခဲ့ကြောင်း သိရသည်။
KIA တပ်မဟာ ၁၁ က ထုတ်ပြန်ထားသော ဒရုန်း ဗီဒီယိုတွင် စစ်ကောင်စီတပ်သားများ၊ ၎င်းတို့၏ စစ်ယာဉ်တန်းများ၊ လက်နက်ကြီးအထိုင်နေရာများနှင့် စစ်ကောင်စီ၏ ဒရုန်းစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက FPV အသေခံဒရုန်းများဖြင့် တိကျစွာ လိုက်လံတိုက်ခိုက်ဖျက်ဆီးနေသည်ကို တွေ့ရသည်။