ကုလအထူးသံ ဂျူလီဘစ်ရှော့ နေပြည်တော်သို့ လျှို့ဝှက်လာရောက်၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ဆွေးနွေးခဲ့ဟုဆို

ကုလအထူးသံ ဂျူလီဘစ်ရှော့ နေပြည်တော်သို့ လျှို့ဝှက်လာရောက်၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ဆွေးနွေးခဲ့ဟုဆို
23 May 2026 By Cherry May / MPA

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ ဂျူလီဘစ်ရှော့(Ms. Julie Bishop)သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လျှို့ဝှက်လာရောက်ခဲ့ပြီး နေပြည်တော်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်း ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။
မစ္စ ဂျူလီဘစ်ရှော့၏ ယခုခရီးစဉ်သည် အသွင်ပြောင်းအစိုးရတုလက်ထက် ပထမဆုံးအကြိမ် လာရောက်သည့် နေပြည်တော်ခရီးစဉ်ဖြစ်ပြီး ၎င်းသည် ယနေ့ (မေလ ၂၃ ရက်) တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။
သံတမန်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဘီဘီစီ၏ ဖော်ပြချက်အရ ကုလအထူးသံသည် နေပြည်တော်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကို အဓိကထား ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးမှုများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန် ဘီဘီစီက ကုလသမဂ္ဂရုံးထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့ပြင် မစ္စ ဂျူလီဘစ်ရှော့သည် မြန်မာနိုင်ငံခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် သံတမန်များနှင့်လည်း သီးသန့်ဖိတ်ကြားတွေ့ဆုံကာ ၎င်း၏ခရီးစဉ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် လက်ရှိ မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေးများ၌ ပြန်လည်ပါဝင်ခွင့်ပြုရန် သဘောထားကွဲလွဲမှုများ ရှိနေသည့်အပေါ် အထူးသံက အဓိကထား မေးမြန်းဆွေးနွေးခဲ့ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။
ယခုကဲ့သို့ ကုလအထူးသံ၏ လျှို့ဝှက်ချက်ဆန်ဆန် နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကတော့ “ကုလအထူးသံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ဆွေးနွေးတယ်ဆိုတာ သံတမန်ရေးအရ လုပ်ရမယ့် တာဝန်တစ်ခုပါ။ ဒါပေမဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း လွတ်မြောက်ရုံနဲ့ ပြေလည်သွားမယ့် အခြေအနေ မဟုတ်တော့ပါဘူး။ စစ်အုပ်စုဘက်ကလည်း သူတို့ ရင်ဆိုင်နေရတဲ့ စစ်ရေး၊ စီးပွားရေး ပိတ်ဆို့မှုတွေကို သက်သာရာရဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဓားစာခံအဖြစ် သုံးပြီး ကုလသမဂ္ဂနဲ့ အကျေအလည် ညှိနှိုင်းဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်” လို့ မှတ်ချက်ပေးပါတယ်။
မစ္စ ဂျူလီဘစ်ရှော့သည် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံအဖြစ် တာဝန်ယူပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ သုံးကြိမ်ထက်မနည်း လာရောက်ထားသူ ဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ၌ အားပြင်းငလျင် လှုပ်ခတ်ခဲ့စဉ်ကလည်း ငလျင်သင့်ပြည်သူများကို အရေးပေါ်အကူအညီများ အချိန်မီ တုံ့ပြန်ပေးနိုင်ရေးအတွက် ထိုစဉ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဆွေးနွေးခဲ့ဖူးသည်။
၎င်းက “ကျွန်မအနေနဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ မြန်မာ့အရေး ပါဝင်ပက်သက်သူ အသီးသီးနဲ့ ထိတွေ့ဆက်ဆံပြီး၊ ပြည်သူတွေရဲ့ အသံအားလုံးကို နားထောင်ကာ နည်းလမ်းရှာဖွေသွားမှာပါ။ မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး၊ သတ်ဖြတ်မှုတွေရပ်တန့်ဖို့နဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ဆက်လက်တွန်းအားပေးသွားမှာ ဖြစ်ပါတယ်” ဟု ယခင်ခရီးစဉ်အတွင်း ပြောကြားခဲ့ဖူးသည်။
တစ်ဖက်တွင်လည်း နေပြည်တော်စစ်အုပ်စုနှင့် အာဆီယံအကြား ဆက်ဆံရေး ရွှေ့ကွက်များအပေါ် နိုင်ငံရေးနှင့် စစ်ရေးလေ့လာသုံးသပ်သူကလည်း “အာဆီယံအတွင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေက အရင်ကတည်းက ရှိနေတာပါ။ အထူးသဖြင့် အသွင်ပြောင်းအစိုးရလို့ ဆိုတဲ့ ရွေးကောက်ပွဲပြဇာတ်အပြီးမှာ မြန်မာကို အာဆီယံအစည်းအဝေးတွေထဲ ပြန်ပေးဝင်ဖို့ တချို့နိုင်ငံတွေက လိုလားနေကြတယ်။ ကုလအထူးသံအနေနဲ့ အာဆီယံ သံတမန်တွေကို တွေ့ဆုံတာဟာ ဒေသတွင်း သဘောထားစုစည်းမှုကို ရယူဖို့ဖြစ်ပြီး နေပြည်တော်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိစ္စကို ပြသပြီး နိုင်ငံတကာနဲ့ အာဆီယံရဲ့ အသိအမှတ်ပြုမှုကို ပြန်ရအောင် လှည့်ကွက်တစ်ခုအနေနဲ့ အသုံးချဖို့ ပြင်ဆင်နေတာလို့ မြင်ပါတယ်” လို့ သုံးသပ်ပြောကြားပါတယ်။
မစ္စ ဂျူလီဘစ်ရှော့သည် ယနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည် ဖြစ်သော်လည်း ၎င်း၏ခရီးစဉ်နှင့် ပတ်သက်၍ နေပြည်တော်ဘက်ကရော၊ ကုလသမဂ္ဂဘက်ကပါ ယနေ့မွန်းလွဲပိုင်းအထိ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
နိုင်ငံရေးလေ့လာသူများကမူ ယခုကဲ့သို့ သတင်းများကို နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်ထားခြင်းသည် မြန်မာ့နိုင်ငံရေး ရွှေ့ကွက်များအကြား အလွန်အကဲဆတ်လှသည့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ လမ်းစများအတွက် သံတမန်ရေးရာအရ အကျေအလည် တံခါးပိတ်ညှိနှိုင်းနေရသည့် အခြေအနေကို ပြသနေခြင်းဖြစ်ကြောင်း ကောက်ချက်ချနေကြသည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ-လူမှုကွန်ရက်