မိုးရာသီဝင်တော့မည်ဖြစ်သော်လည်း စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်ရန် အကြမ်းဖက် စစ်တပ်၏ တပ်ချုပ်သစ် ရဲဝင်းဦး ညွှန်ကြား
ရန်ကုန်၊ မေ ၂၁
မြန်မာနိုင်ငံတွင် မိုးရာသီကာလသို့ ဝင်ရောက်တော့မည်ဖြစ်သော်လည်း အကြမ်းဖက်စစ်တပ်၏ စစ်ဆင်ရေးများကို လျှော့ချခြင်းမပြုဘဲ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန် အကြမ်းဖက် တပ်ချုပ်သစ် ရဲဝင်းဦးက ညွှန်ကြားထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလောတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ မြို့သိမ်းစစ်ဆင်ရေးများမှာ အရှိန်ရနေသဖြင့် စစ်တပ်အနေဖြင့် မိုးရာသီရောက်ရှိလာမှုကြောင့် စစ်ဆင်ရေးများ ရပ်နားခြင်း သို့မဟုတ် လျှော့ချခြင်းလုံးဝမလုပ်ဘဲ ပိုမိုတိုးမြှင့်တိုက်ခိုက်သွားရန် ညွှန်ကြားထားခြင်းဖြစ်သည်။
ထို့ပြင် မိုးရာသီအတွင်း စစ်ဆင်ရေးများ ဆင်နွှဲနိုင်ရန်အတွက် စစ်တပ်အတွင်း လိုအပ်မည့် မိုးကာများ၊ လက်နက်ခဲယမ်းများ၊ ရိက္ခာနှင့် ဆေးဝါးများကို ကြိုတင်ဖြည့်တင်းထားကြရန်လည်း တပ်ချုပ် ရဲဝင်းဦးက ညွှန်ကြားထားသည်။
“ရာသီဥတုကြောင့် လက်ရှိ စစ်ဆင်ရေးတွေကို လျှော့ချတာတွေ၊ ရပ်နားတွေ မလုပ်ဖို့ အမိန့်ထွက်တယ်။ မိုးတွင်းလည်း စစ်ဆင် ရေး ဆက်လုပ်ခိုင်းတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းအပြင် မိုးတွင်းကာလ အခွင့်ကောင်းကိုယူ၍ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်းများနှင့် မြို့များကို အလစ်အငိုက် ပြန်လည်ထိုးစစ်ဆင်လာခြင်းမျိုး မဖြစ်ပေါ်စေရန်အတွက် လုံခြုံရေးကို အထူးတိုးမြှင့်ထားရန် ရဲဝင်းဦးက ညွှန်ကြားကြောင်း သိရှိရသည်။
လတ်တလောတွင် ရှမ်းပြည်နယ်အတွင်းရှိ တပ်များကို လှည့်လည်စစ်ဆေးနေသည့် အကြမ်းဖက်တပ်ချုပ် ရဲဝင်းဦးက ချင်းပြည်နယ်အတွင်းရှိ မြို့များ၊ ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ် လမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနား (ကချင်ပြည်နယ်) လမ်းပိုင်းကဲ့သို့သော အဓိက သယ်ယူပို့ဆောင်ရေးနှင့် ဗျူဟာမြောက်လမ်းကြောင်းများကို စစ်တပ်က ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့မှုများကို အောင်ပွဲအဖြစ် ထုတ်ဖော်ပြောဆိုနေသည်။ စစ်တပ်အနေဖြင့် နယ်မြေများကို ပြန်လည်စိုးမိုးလာနိုင်ပြီး လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်လာခြင်း ဖြစ်သည်ဟု ရဲဝင်းဦးက ပြောဆိုသည်။
စစ်တပ်အနေဖြင့် တိုက်ပွဲစွမ်းရည် မြှင့်တင်ရန်အတွက် လေ့ကျင့်ရေးကို အဓိကထားလုပ်ဆောင်ရန်၊ ခေတ်မီလက်နက်ခဲယမ်းများကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ရန်နှင့် လက်ရှိ ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို လေ့လာစောင့်ကြည့်ကြရန်လည်း အကြမ်းဖက်ရဲဝင်းဦးက ပြောဆိုထားသည်။
အကြမ်းဖက် တပ်ချုပ်သစ် ရဲဝင်းဦးသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံမှ စစ်ဦးစီးချုပ်ရာထူးကို လွှဲပြောင်းရယူခဲ့သည်။