အထက်တန်းကျောင်းသားများကို စစ်သားသစ်အဖြစ် စုဆောင်းရန် စစ်တပ်က ကျောင်းသစ်များ တည်ဆောက်လာ
သတင်း | ဧရာဝတီ၊ မေ ၂၁၊ ၂၀၂၆။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာ့တပ်မတော်၏ စစ်ဦးစီးချုပ်အသစ်အဖြစ် တာဝန်ယူပြီးနောက် နှစ်လနီးပါးအကြာတွင် စစ်ကောင်စီသည် အထက်တန်းကျောင်းသားများကို စစ်တပ်အယူဝါဒ သွတ်သွင်းရန်နှင့် စစ်သားသစ်အဖြစ် စုဆောင်းရန် အစီအစဉ်သစ်တခုကို စတင်လိုက်သည်။
ပြီးခဲ့သည့်လက ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ၂၀၂၆-၂၇ ပညာသင်နှစ်မှစတင်၍ စစ်တပ်က ဦးစီးဖွင့်လှစ်မည့် “လူငယ်ပညာရေးလေ့ကျင့်ရေးကျောင်းများ” (Youth Education Training Schools) တည်ထောင်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ယခုအခါ တိုင်းနှင့် ပြည်နယ်အချို့တွင် အဆိုပါကျောင်းများအတွက် လျှောက်လွှာများကို စတင်ခေါ်ယူနေပြီ ဖြစ်သည်။
လက်ရှိ စစ်တပ်ပိုင် အခြေခံပညာကျောင်းများနှင့်မတူဘဲ ယခုကျောင်းသစ်များသည် အရပ်သားအထက်တန်းကျောင်းသားများကို တိုက်ရိုက်ပစ်မှတ်ထားခြင်း ဖြစ်သည်။ လျှောက်ထားသူများသည် ဆေးစစ်ဆေးမှု အပါအဝင် တင်းကျပ်သော စိစစ်ရေးလုပ်ငန်းစဉ်များကို ဖြတ်သန်းရမည်ဖြစ်ပြီး စစ်တက္ကသိုလ် (DSA) ဗိုလ်လောင်းလျှောက်ထားမှုနှင့် ဆင်တူသည့် စည်းမျဉ်းများအောက်တွင် လျှောက်ထားရမည်ဖြစ်သည်။ တရားဝင်ထုတ်ပြန်ချက်များအရ အဆိုပါကျောင်းများကို နေပြည်တော်တွင် တကျောင်းနှင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရဲမွန်တွင် တကျောင်း ဖွင့်လှစ်မည်ဖြစ်ကာ အသက် ၁၆ နှစ်မှ ၁၉ နှစ်အတွင်းရှိ Grade 10-12 (နဝမတန်းမှ ဒွါဒသမတန်း) ကျောင်းသားများကို အဓိက စုဆောင်းရန် ရည်ရွယ်ထားသည်။
CDM ဗိုလ်မှူးဟောင်း စွယ်တော်က ယခုလုပ်ဆောင်ချက်သည် စစ်သားသစ်စုဆောင်းရန် လမ်းကြောင်းသစ်တခု ထွင်ခြင်းဖြစ်သည်ဟု ဆိုသည်။ “ဒါက စစ်တပ်အတွက် လူအင်အား ရရှိမယ့် ရင်းမြစ်တခုကို ဖန်တီးတာပါ။ စစ်တပ်မှာ အခြေခံပညာကျောင်းတွေ၊ DSA နဲ့ DSTA (နည်းပညာစစ်တက္ကသိုလ်) လို အဖွဲ့အစည်းတွေ ရှိပြီးသား။ အခုက အထက်တန်းကျောင်းသားတွေကိုပါ ဖမ်းဆွဲဖို့ စစ်ပညာရေးစနစ်ကို ထပ်ပြီးချဲ့ထွင်လိုက်တာပဲ” ဟု ၎င်းက ရှင်းပြသည်။
ပညာရေးတာဝန်ရှိသူများ၏ အဆိုအရ စစ်တပ်သည် စစ်သည်မိသားစုဝင်များအတွက်သာ သီးသန့်ရည်ရွယ်၍ ကျောင်း ၁၂ ကျောင်းကို ရေရှည်ဖွင့်လှစ်ထားခဲ့သော်လည်း၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ အစီအစဉ်သစ်မှာမူ စစ်တပ်ပြင်ပရှိ အရပ်သားကျောင်းသားများကို တိုက်ရိုက်ပစ်မှတ်ထားလာခြင်း ဖြစ်၍ ကွာခြားချက်ရှိနေသည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ယခုအစီအစဉ်သည် အမျိုးသားကာကွယ်ရေးကို အားကောင်းစေမည်ဟု အခိုင်အမာဆိုသော်လည်း၊ နိုင်ငံရေးလေ့လာဆန်းစစ်သူများကမူ နိုင်ငံ၏ လူငယ်များကြား စစ်တပ်ဝါဒဖြန့်ချိရေးကို ချဲ့ထွင်ရန် ထင်ရှားသော ကြိုးပမ်းမှုတခုဖြစ်ကြောင်း ထောက်ပြကြသည်။
စစ်တက္ကသိုလ်များကဲ့သို့သော စစ်ဘက်ဆိုင်ရာကျောင်းများသည် ယခင်အာဏာရှင် သန်းရွှေလက်ထက်က လူငယ်များကြား ရေပန်းစားခဲ့ဖူးသည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အပေါ် ပြည်သူလူထု၏ မုန်းတီးမှု ပိုမိုကြီးထွားလာခဲ့သည်။ ယခင်က မိမိတို့သားသမီးများကို စစ်တပ်ထဲဝင်ရန် တိုက်တွန်းခဲ့ဖူးသည့် ကျေးလက်ဒေသက မိဘများသည်ပင် ယခုအခါ ယင်းအကြံဉာဏ်ကို အတိအလင်း ငြင်းပယ်လာကြသဖြင့် စစ်ကောင်စီသည် ၎င်းတို့၏တပ်အင်အားကို ဖြည့်တင်းရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအဓမ္မ အသက်သွင်း လုပ်ဆောင်လာရသည်။
မြန်မာ့စစ်တပ်မှ ထွက်ပြေးလာသူများ၏ အဆိုအရ ပညာရေးစနစ် ပြောင်းလဲမှုများကြောင့် အထက်တန်းကျောင်းသားများ ကျောင်းပြီးသည့်အသက်မှာ ၁၈ နှစ် သို့မဟုတ် ၁၉ နှစ်အထိ မြင့်တက်သွားခဲ့ပြီး ယင်းက အရာရှိသစ်စုဆောင်းမှုကို ပိုမိုခက်ခဲစေခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ အစီအစဉ်သည် ယခုကျောင်းသစ်များမှတဆင့် အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား လူငယ်များကို စောစီးစွာ စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်းခြင်း ဖြစ်သည်။
ပညာရေးကျွမ်းကျင်သူများကလည်း ကျောင်းသစ်များ တည်ထောင်မည့် အစီအစဉ်သည် ဆယ်ကျော်သက်လူငယ်များကို စစ်တပ်အတွေးအခေါ်များ သွတ်သွင်းကာ စစ်တပ်ထဲသို့ သွတ်သွင်းမည့် ဗျူဟာတစ်ခုဖြစ်ကြောင်း သတိပေးထားသည်။ အငြိမ်းစား ပညာရေးဝန်ကြီးဌာန အရာရှိတဦးက ယခုအသက်အရွယ် အုပ်စုကို “ရွှေရောင်အရွယ်” ဟု တင်စားခဲ့ပြီး “အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အတွင်းမှာ သူတို့က ဘာကိုမဆို လက်ခံသင်ယူလွယ်တယ်။ ၁၈ နှစ်ရောက်ရင်တော့ ခက်သွားပြီ။ စစ်တပ်က သူတို့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဖမ်းဆွဲချင်နေတာ” ဟု ပြောကြားခဲ့သည်။
ယခင်စစ်အာဏာရှင် သန်းရွှေခေတ်က စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများ အောင်မြင်ခဲ့ပြီး နှစ်စဉ် ဗိုလ်လောင်းထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ အရပ်သားတက္ကသိုလ်များမှ ဘွဲ့ရရှိသော်လည်း အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်းနှင့် ပြည်ပသို့သွားရောက်လုပ်ကိုင်ရန် အခွင့်အလမ်း အကန့်အသတ်ရှိခြင်းတို့ကြောင့် အစားအသောက်၊ နေထိုင်ရေးနှင့် လစာများ ထောက်ပံ့ပေးသည့် စစ်တက္ကသိုလ်များနှင့် လေ့ကျင့်ရေးကျောင်းများသည် လူငယ်များစွာအတွက် ဆွဲဆောင်မှုတခု ဖြစ်ခဲ့ဖူးသည်။
မြန်မာ့စစ်တပ်သည် စစ်သားဘဝ၏ “သူရဲကောင်းဆန်မှု” ကို အသားပေးသည့် ဝါဒဖြန့်မှုများဖြင့် စစ်သားသစ်စုဆောင်းရာတွင် အတိုင်းအတာတခုအထိ အောင်မြင်ခဲ့ဖူးသော်လည်း၊ DSTA နှင့် စစ်တက္ကသိုလ်ဆေးကောလိပ် (DSMA) ကဲ့သို့သော ကျောင်းများသည် အခြားပညာရေးအခွင့်အလမ်း မရှိသည့် ကျောင်းသားများကိုသာ ရေရှည်ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင်မူ အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာသည့် စီးပွားရေးကျပ်တည်းမှု၊ နေရာအနှံ့အပြားက မတည်ငြိမ်မှုများနှင့် အလုပ်လက်မဲ့နှုန်း မြင့်မားမှုတို့က အဆိုပါ စစ်သားစုဆောင်းရေးလမ်းကြောင်းကို ပိုမိုအားကောင်းစေလျက်ရှိသည်။ အကျပ်အတည်းဖြစ်နေသည့် လူငယ်များသည် ယခုကျောင်းသစ်များသို့ တက်ရောက်ရန် ဖိအားပေးခံရသကဲ့သို့ ဖြစ်လာနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက စိုးရိမ်နေကြသည်။
CDM ဗိုလ်မှူးဟောင်း နောင်ရိုးကမူ ရွေးချယ်စရာနည်းပါးသည့် မိသားစုများသည် ယင်းသို့ဆွဲဆောင်ခြင်း ခံရလိမ့်မည်ဟု ဆိုသည်။ “တခြားရွေးချယ်စရာ လုံးဝမရှိတော့တဲ့ မိသားစုတွေအတွက်တော့ ဒီကျောင်းတွေဟာ အသက်ကယ်ကြိုးတမျှ ဖြစ်နေလိမ့်မယ်။”
စစ်တပ်က ယင်းကျောင်းများသို့ တက်ရောက်မည့် ကျောင်းသားများအတွက် အခမဲ့စားသောက် နေထိုင်ခွင့်နှင့် ထောက်ပံ့ကြေးများ ပေးမည်ဟု ကတိပြုထားသည်။ အခြားသော ဆွဲဆောင်မှုတခုမှာ ကျောင်းပြီးပါက အရာရှိ သို့မဟုတ် အရာခံဗိုလ်သင်တန်းများသို့ တိုက်ရိုက်တက်ရောက်ခွင့်ရမည့် လမ်းကြောင်း ဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် စစ်မှုထမ်းဥပဒေကို ပိုမိုတင်းကျပ်စွာ ကျင့်သုံးနေစဉ်အတွင်း တပ်အင်အားကို အလျင်အမြန် ဖြည့်တင်းရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး လူငယ်များအနေဖြင့် စစ်တပ်ထဲဝင်ရန်ကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့သည့် အခြေအနေသို့ တွန်းပို့နေခြင်းဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။
ကျောင်းသားတပ်မတော် (ABSDF) မှ ဦးအေးလွင်ကလည်း “ကျနော်တို့ လူငယ်တွေရဲ့ အနာဂတ် ဖျက်ဆီးခံနေရတာကို မြင်တွေ့နေရတယ်။ အတင်းအဓမ္မ စစ်သားစုဆောင်းတာက သူတို့ဘဝတွေကို ပျက်စီးစေပြီး၊ သူတို့ရဲ့ အနာဂတ် ပျောက်ဆုံးသွားတဲ့အခါ နိုင်ငံရဲ့ အနာဂတ်လည်း ပျက်စီးသွားရမှာပဲ ဖြစ်ပါတယ်” ဟု သတိပေးပြောကြားခဲ့သည်။