တောင်မော်ဦးရေတပ်တိုက်ပွဲ အာဏာသိမ်းစစ်တပ်က လေယာဉ် ၅ စီးနဲ့ ခုခံနေရ
နိရဉ္စရာ၊မေ ၁၈ /၂၀၂၆
ထိုးစစ်ကနေ ခံစစ်အနေအထားသို့ ပြောင်းလဲသွားပြီးနောက် အာဏာသိမ်း မြန်မာစစ်တပ်ဟာ တောင်မော်ဦး ရေတပ်စခန်းအနီးတိုက်ပွဲမှာ လေကြောင်းကနေ လေယာဉ် ၅ စီးနဲ့ အသည်းအသန် ခုခံနေရပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ဒေသခံ စစ်ရေးသတင်းရင်းမြစ်က “မနက်ကတည်းက ဖြစ်နေတာ၊ နေ့လယ်ဖက်ရောက်တော့ အထိခိုက်များနေပုံရတယ်။ လေကြောင်းက စစ်ပွဲ ဧရိယာဝန်းကျင်ကို လာပစ်ကူတယ်”လို့ နိရဉ္စရာကို ပြောပါတယ်။
တောင်မော်ဦးရေတပ် ပတ်ဝန်းကျင်ကို ယနေ့ မေလ ၁၈ ရက် နေ့လယ် အချိန်မှာ ဂျက်ဖိုက်တာ ၄ စီး၊ Y12 တစီးနဲ့ လာရောက် စစ်ကူပေးခဲ့ရပြီး တိုက်ပွဲမှာ ပြင်းထန်နေတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်အင်အား အလုံးအရင်းနဲ့ အာဏာသိမ်း စစ်တပ်က မေလ ၁၀ နေ့ကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။
“ အဝတောင်ရွာ ကာကင်းစခန်းကို AA က ဆက်လက်ပြီး လိုက်လံကာ ထိုးစစ်ဆင်နေတယ်။ စစ်တပ်က အကျဆုံး များလာတဲ့အတွက် အခုလို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပါ အစုံပစ်ကူနေရတယ်။”
အာဏာသိမ်း စစ်တပ်က ပထမ နေဗီတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူသလို ဒရုန်းတွေနဲ့လည်း တိုက်ခိုက်ခဲ့ပေမဲ့ AA ရဲ့ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်မှုကို မဟန့်တားနိုင်တာကြောင့် လေယာဉ်တွေကို ပစ်ကူခေါ်ပြီး ခုခံတိုက်ခိုက်လာရတယ်လို့ ဆိုပါတယ်။
ပထမ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်း စစ်တပ် စစ်ကြောင်းမှာ အဝတောင်နဲ့ မျော့ချောင်းကြားမှာ အကျဆုံးများခဲ့ပြီး ဒဏ်ရာရစစ်သည်တွေကို ဆွဲထုတ်ကာ ကျန်ရှိနေတဲ့ စစ်သားတွေက နောက်တန်းကစစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ပေါင်းပြီး AA ကိုတိုက်ခိုက်နေပေမဲ့လည်း အကျဆုံးတွေနဲ့ သာ ဆက်လက် ရင်ဆိုင်နေရကြရတယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ ထိုးစစ်မှာ ယခုအခါ ခံစစ် အနေထားကို ပြောင်းသွားပြီဖြစ်ကာ တောင်မော်ဦးရေတပ်ကိုပါ ကာကွယ်နေရတဲ့ အခြေအနေကို ရောက်ရှိသွားပြီလို့ အဲဒီ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။