ဒေါ်အောင်ဆန်းစုကြည်ကို “ဝိဉာာဉ်အကျဉ်းသား” ဖြစ်အောင် စစ်တပ်က လုပ်ဆောင်နေကြောင်း သားဖြစ်သူ ကင်မ်အဲရစ်ပြော

ဒေါ်အောင်ဆန်းစုကြည်ကို “ဝိဉာာဉ်အကျဉ်းသား” ဖြစ်အောင် စစ်တပ်က လုပ်ဆောင်နေကြောင်း သားဖြစ်သူ ကင်မ်အဲရစ်ပြော
မေ ၁၈၊ ၂၀၂၆
လတ်တလောမှာ အကျဉ်းထောင်ကနေ နေအိမ်ကို ပြောင်းရွှေ့ထားတယ်လို့ စစ်အုပ်စုဘက်က ဆိုထားပေမယ့် သက်သေအထောက်အထား လုံးဝမရှိတာဟာ မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူထုမျက်ကွယ်မှာ တစိမ့်စိမ့်ပျောက်ကွယ်သွားစေရန် “ဝိဉာာဉ်အကျဉ်းသား” အဖြစ် နေသားကျအောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ဝေဖန်ပြောဆိုလာပါတယ်။
မေလ ၁၇ ရက်နေ့မှာ ယူကေနိုင်ငံ၊ လန်ဒန်မြို့က ဗြိတိန်ပါလီမန်အဆောက်အအုံရှေ့မှာ ပြုလုပ်ခဲ့တဲ့ “Proof of Life” သက်ရှိထင်ရှားရှိကြောင်း သက်သေပြရေးလှုပ်ရှားမှု ဆန္ဒပြပွဲမှာ ကိုထိန်လင်းက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေနဲ့အတူ စုဝေးကာ အခုလို ထုတ်ဖော်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
“ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးအမျိုးသမီးနိုင်ငံရေးအကျဥ်းသားသူ၊ လာမယ့်ဇွန်လ ၁၉ ရက်မှာ အသက် ၈၁ နှစ်ပြည့်မယ့် ကျနော့်မိခင် အသက်ရှင်သေးကြောင်း အတည်ပြုတဲ့ သက်သေ လိုချင်ပါတယ်။ စစ်တပ်ဟာ ဝိဉာာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြိုးပမ်းနေပါတယ်။ ဒါက သားတစ်ယောက်အနေနဲ့ ကျနော်နှလုံးသားကို ထိခိုက်စေပါတယ်” လို့ ကိုထိန်လင်းက ဆိုပါတယ်။
စစ်အုပ်စုက ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်တစ်လုံးကို ပြောင်းရွှေ့ထားကြောင်း သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒီနေ့အထိ မိသားစုဝင်တွေ၊ ရှေ့နေတွေ၊ ကိုယ်ပိုင်ဆရာဝန်တွေ ဘယ်သူနဲ့မှ တွေ့ခွင့်ပေးတာမရှိသေးပါဘူး။
ဒါကြောင့် ကိုထိန်လင်းက မိခင်ဖြစ်သူကို အခန်းတစ်နေရာမှ နောက်ထပ်အခန်းတစ်နေရာကို ရွှေ့ပြောင်းတာဟာ လွတ်လပ်မှု လုံးဝမဟုတ်ကြောင်းနဲ့ ဒီနေ့အထိ ဓားစာခံအဖြစ်သာ ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။
“ကျနော့်အမေကို မသိတဲ့နေရာတစ်ခုမှာ နေအိမ်အချုပ်ပြောင်းရွှေ့လိုက်ကတည်းက ကမ္ဘာကြီးက မျက်နှာလွှဲသွားလိမ့်မယ်လို့ သူတို့ မျှော်လင့်ခဲ့ကြပါတယ်။ အဲဒီနေ့ကတည်းက သူမဘယ်မှာလဲ၊ ဘယ်လိုနေနေလဲ၊ ဘေးကင်းရဲ့လား ဆိုတာ ကျနော် အကြိမ် ကြိမ် မေးခဲ့ပါတယ်။ ဒါပေမယ့် တိတိကျကျ အသက်ရှင်ကြောင်း အတည်ပြုနိုင်တဲ့ သက်သေအထောက်အထား လုံး၀ မရှိခဲ့ပါဘူး။ တိုက်ရိုက် ဆက်သွယ်မှုလည်း မရခဲ့ပါဘူး။ ပွင့်လင်းတဲ့၊ ရှင်းလင်းတဲ့ မြင်သာမှုလည်း မရှိခဲ့ပါဘူး။ ရှင်းရှင်းလင်းလင်း ပြောရရင် ကျနော် အမေ့ကို မသိတဲ့ အခန်းတစ်နေရာကနေ နောက်တစ်ခန်းကို ပြောင်းလဲရွှေ့တာက လွတ်လပ်မှု လုံး၀ မဟုတ်ပါဘူး။ ကျနော့်အမေ့ကို ဓားစာခံအဖြစ် ဆက်လက် ဖမ်းထားတာပါ” လို့ ကိုထိန်လင်းက ပြောပါတယ်။
စစ်အုပ်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းကို မသေချာတဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုနဲ့ ဖော်ပြတာမျိုးမဟုတ်ဘဲ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) နဲ့ ကုလသမဂ္ဂ (UN)တို့လို ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မီဒီယာတွေ ရှေ့မှောက်မှာ လွတ်လွတ်လပ်လပ်စွာ မြင်တွေ့ခွင့်ပေးပြီး သက်သေပြဖို့ကိုလည်း ကိုထိန်လင်းက တောင်းဆိုထားပါတယ်။
ကိုထိန်လင်းက ယခုကိစ္စဟာ နိုင်ငံရေးမဟုတ်ဘဲ အခြေခံလူသားပိုင်ခွင့်သာဖြစ်ပြီး သားတစ်ဦးအနေနဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးဘဝလက်ကျန်အချိန်မှာ ဘေးနားမှာ အတူရှိနေချင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ပုံစာ – ဗြိတိန်ပါလီမန်အဆောက်အအုံရှေ့မှာ ဆန္ဒထုတ်‌ဖော် တောင်းဆိုနေတဲ့မြင်ကွင်း။