အသက် ၈၁ နှစ်ပြည့်တော့မည့် ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်၏ နောက် ဆုံးဘဝ လက်ကျန်အချိန်များတွင် မိခင်နံဘေး အတူကုန်ဆုံးချင်သည်ဟု သားဖြစ်သူ ကိုထိန်လင်း ပြောဆို
ရန်ကုန်၊ မေ ၁၈
လာမည့် ဇွန်လတွင် အသက် ၈၁ နှစ်ပြည့်တော့မည့် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီး နိုင်ငံရေးအကျဉ်းသား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးဘဝ လက်ကျန်အချိန်များတွင် သားတစ်ဦးအနေဖြင့် မိခင်ဖြစ်သူ၏ နံဘေး၌ အတူတကွ ရှိနေချင်ကြောင်း သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ယမန်နေ့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ပြုလုပ်သော Proof of Life လှုပ်ရှား ဆန္ဒပြပွဲတွင် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျနော့်အမေကို မသိတဲ့နေရာတစ်ခုမှာ အိမ်နေအချုပ်ပြောင်းရွှေ့လိုက်ကတည်းက ကမ္ဘာကြီးက မျက်နှာလွှဲသွားလိမ့်မယ်လို့ သူတို့ မျှော်လင့်ခဲ့ကြပါတယ်။ အဲဒီနေ့ကတည်းက သူမဘယ်မှာလဲ၊ ဘယ်လိုနေနေလဲ၊ ဘေးကင်းရဲ့လား ဆိုတာ ကျနော် အကြိမ် ကြိမ် မေးခဲ့ပါတယ်။ ဒါပေမယ့် တိတိကျကျ အသက်ရှင်ကြောင်း အတည်ပြုနိုင်တဲ့ သက်သေအထောက်အထား လုံး၀ မရှိခဲ့ပါဘူး။ တိုက်ရိုက် ဆက်သွယ်မှုလည်း မရခဲ့ပါဘူး။ ပွင့်လင်းတဲ့၊ ရှင်းလင်းတဲ့ မြင်သာမှုလည်း မရှိခဲ့ပါဘူး။ ရှင်းရှင်းလင်းလင်း ပြောရရင် ကျနော် အမေ့ကို မသိတဲ့ အခန်းတစ်နေရာကနေ နောက်တစ်ခန်းကို ပြောင်းလဲရွှေ့တာက လွတ်လပ်မှု လုံး၀ မဟုတ်ပါဘူး။ ကျနော့်အမေ့ကို ဓားစာခံအဖြစ် ဆက်လက် ဖမ်းထားတာပါ။”ဟု ကိုထိန်လင်းက ပြောဆိုသည်။
ယင်းအပြင် ပြီးခဲ့သည့် ၅ နှစ်အတွင်း စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်သည့် အတည်ပြုချက်မရှိဘဲ နေရာပြောင်းရွှေ့မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ လွတ်လပ်ပြီး အတည်ပြုထားသည့် အသက်ရှင်ကြောင်း သက်သေအထောက်အထားကို ငြင်းပယ်ခြင်းဖြင့် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်အား ပျောက်ကွယ်သွားအောင် တစိမ့်စိမ့် ထောင်ချထားသည့် အယူအဆကို ပုံမှန်ဖြစ်အောင် ကြိုးစားနေခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
ထိုသို့ သတင်းအမှောင်ချခံထားရသည့်အပေါ် သားတစ်ဦးအနေဖြင့် နှလုံးသားကို များစွာ ထိခိုက်ရကြောင်းနှင့် မိခင်ဖြစ်သူ၏ အခြေအနေကို သိရှိလိုကြောင်း သူကဆက်လက်ပြောဆိုသည်။
“ကျနော့်အမေ ဘေးကင်းတယ်ဆိုတာ ကျနော် ရိုးရိုးရှင်းရှင်းလေး သိချင်တာပါ။ သူ့အသံကို ကြားချင်ပါတယ်။ သူ့မျက်နှာကို မြင်ချင်ပါတယ်။ ကျနော် သားတစ်ဦးအနေနဲ့ သူရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ အချိန်တွေမှာ ကျနော့်အမေ ဘေးနားမှာ ကျနော် အတူရှိနေချင်ပါတယ်။ ဒါဟာ နိုင်ငံရေးကိစ္စတွေ မဟုတ်ပါဘူး။ ဒါက အခြေခံလူသားတစ်ဦးရဲ့ လူ့အခွင့်အရေး ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မိသားစုတိုင်းက သူတို့ ချစ်ရတဲ့သူ အသက်ရှင်သေးလားဆိုတာကို သိခွင့် ငြင်းပယ်ခံရတာက လုံး၀ မဖြစ်သင့်ပါဘူး။”ဟု ကိုထိန်လင်းက ဆက်လက်ပြောဆိုသည်။
ထို့ကြောင့် သားတစ်ဦးအနေဖြင့် စစ်တပ်ထံမှ ရိုးရှင်းပြီး ညှိနှိုင်းစရာမလိုသည့် တောင်းဆိုချက်တစ်ခုတည်းကို တောင်းဆိုနေခြင်းဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း ယုံကြည်စိတ်ချရသည့် သက်သေပြချက် လိုချင်ကြောင်း တောင်းဆိုသည်။
ကိုထိန်လင်းက ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြချက်သည် ဓာတ်ပုံတစ်ပုံ သို့မဟုတ် မရေမရာ ဖော်ပြထားသည့် ဗီဒီယိုနှင့် ကြေညာချက်မျိုး မဟုတ်ဘဲ၊ ကမ္ဘာ့ကြက်ခြေနီကော်မတီ (ICRC) နှင့် ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက မီဒီယာများနှင့်အတူ လွတ်လပ်စွာ မြင်တွေ့ခွင့်ရရှိပြီး သက်သေပြနိုင်ရန် တောင်းဆိုထားခြင်း ဖြစ်သည်။
အဆုံးသတ်အနေဖြင့် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိပုဂ္ဂိုလ်တစ်ဦးကိုပင် ပြင်ပလောကနှင့် ဖုံးကွယ်ထားကာ မိသားစု၊ မိခင်ဖြစ်သူ၏ ကိုယ်ပိုင်ဆရာဝန်များနှင့် ပေးတွေ့ခွင့်မပြုဘဲ ကင်းလွတ်ခွင့် ပျောက်ကွယ်သွားအောင် လုပ်ဆောင်နေခြင်းကို ရှုတ်ချပြီး၊ အသက် ၈၁ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုထားသည်။