TikTokက အလုပ်ခေါ်စာနောက် လိုက်သွားတဲ့ မိန်းကလေးငယ်တယောက် မူဆယ်မှာ ပျောက်ဆုံးနေ
မေ ၁၇၊ ၂၀၂၆
Shy V (VOM)
ရန်ကုန်က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် ၁၇ နှစ်အရွယ် မခင်သီတာစန်းဟာ TikTok ကနေ လစာကောင်းမယ်ဆိုတဲ့ အလုပ်ခေါ်စာကို ယုံပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို သွားခဲ့ရာကနေ အခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“ပျောက်ဆုံးနေသူက မခင်သီတာစန်း ဟုတ်တယ်။ အခု မေလ ၅ ရက်နေ့က သူ့အမေဆီကနေ မူဆယ်ဘက်ကို ထွက်သွားတာ။ TikTok မှာ အဆက်အသွယ်ရပြီး အလုပ်သွားလုပ်ဖို့ သွားခဲ့တာလို့ သိရတယ်” လို့ မိသားစု နဲ့ နီးစပ်သူ အမျိုးသား တယောက်က ပြောပါတယ်။
မခင်သီတာစန်းဟာ မေလ ၅ ရက်နေ့က မူဆယ်ကို ထွက်သွားခဲ့ပြီး ရက်အနည်းငယ်အကြာမှာ မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာလို့ ဆိုပါတယ်။
“သမီးနဲ့ အဆက်အသွယ် ပြတ်နေတာ လေး၊ ငါး၊ ခြောက်ရက်လောက်ရှိပြီး မေလ ၁၅ ရက်နေ့မှာ Viber ကနေ ပြန်ဆက်သွယ်လာတယ်။ စာပို့လာတာ။ အသံဖိုင်ပို့လာတော့ မကြားရဘူး။ ခေါ် ဆိုပြီးပြန်ပို့လာတော့ Video call ခေါ်တယ်။ သမီးက သူ့လက်ထဲမှာ ဖုန်းကိုင်ထားတာ မဟုတ်ဘူး။ တခြားတစ်ယောက်က ဖုန်းကိုင်ပေးထားပြီး သူက ထိုင်ပြီး ပြောနေသလို ဖြစ်နေတယ်” လို့ မိခင် ဖြစ်သူက ပြောပါတယ်။
သမီးဖြစ်သူက စက်ရုံမှာ အလုပ်လုပ်နေတယ်လို့ ပြောပေမယ့် ဘယ်စက်ရုံလဲဆိုတာ မသိသေးဘူးလို့သာ ပြောပြီး ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို အတိအကျ မပြောဘူးလို့ မိခင်က ဆိုပါတယ်။
“စက်ရုံဆင်းတယ်လို့ ပြောပေမယ့် ဘယ်စက်ရုံလဲဆိုတာ မသိသေးဘူးလို့ ပြောတယ်။ စကားကို အကုန်မပြောဘူး။ သူ့နားမှာ တစ်ယောက်ယောက် ရှိနေတယ်လို့ ခံစားရတယ်။ မျက်နှာက ပုံမှန်လို မလန်းဘူး။ တိတ်ဆိတ်နေတဲ့ အခန်းဘေး တနေရာမှာ ထိုင်ပြီး ပြောနေတာ။ လူသူ ဆူညံသံမကြားရဘူး။ လူတွေရှိလား လို့မေးတော့ ဖြတ်သွားဖြတ်လာ တယောက် နှစ်ယောက်ရှိတယ်လို့ ပြောတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် သမီးဖြစ်သူက သွားတာ ရက်ပိုင်းပဲ ရှိသေးပေမယ့် KPay ဖုန်းနံပါတ်ပေးဖို့နဲ့ ငွေလွှဲပေးမယ်လို့ ပြောခဲ့တာကြောင့် သံသယဖြစ်နေသလို မိသားစုဝင်တွေကတော့ လူကုန်ကူးခံရနိုင်တယ်လို့ စိုးရိမ်နေကာ လိုက်ရှာဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
“သမီးက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ မသိရဘူး။ ကလေးစိတ်နဲ့ပဲ လိုက်ရှာချင်တယ်” လို့ မိခင်က ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ ၁၇ နှစ် အရွယ် မခင်သီတာစန်းဟာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က ဖြစ်ပြီး ရန်ကုန်က အထည်ချုပ်စက်ရုံမှာ တနှစ်ခန့် အလုပ်လုပ်နေသူဖြစ်ကာ TikTok ကနေ သိကျွမ်းခဲ့သူ မလီလီ ဆိုသူက မူဆယ်မှာ လစာပိုရတယ်ဆိုပြီး မက်လုံးပေးခဲ့တာကြောင့် အလုပ်ကမ်းလှမ်းမှုကို လက်ခံပြီး မူဆယ်ဘက်ကို သွားခဲ့တာလို့ ဆိုပါတယ်။
နယ်စပ်ဒေသတွေမှာတော့ လူကုန်ကူးသူတွေနဲ့ ငွေလိမ်လည်သူတွေက လူမှုကွန်ရက်တွေမှာ လစာကောင်းတဲ့ အလုပ် ရှိတယ်ဆိုပြီး မက်လုံးပေးကာ နယ်စပ်ဒေသတွေဘက် ဖျားယောင်း ခေါ်ဆောင် ငွေလိမ်လည်တာတွေ လူကုန်ကူးတာတွေ မကြာခဏ သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။