“မေမေ… ကြက်ဥပြုတ် စားချင်တယ်…”ဆိုတဲ့
သမီးငယ်လေးရဲ့ စကားတစ်ခွန်းကြောင့် ပြန်ပေးအဖွဲ့လက်ကနေ ကပ်လွတ်လာခဲ့တဲ့ ခိုင်နှင်းဝေ
ဘဝမှာ ကံအကောင်းဆုံးအချိန်ပါပဲ” ဆိုပြီး ခိုင်နှင်းဝေ ကိုယ်တိုင်က ပုပ္ပားတောင်အပြန် ပုဂံလမ်းပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မိနစ်ပိုင်းအလို သေကံမကောက်ဘဲ အံ့ဩဖွယ် ဘေးကင်းခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုကို လူမှုကွန်ရက်မှာ မျှဝေလာပါတယ်။
မိနစ်ပိုင်းအလိုမှာ လမ်းခွဲမိခဲ့ခြင်း
မေလ (၁၃) ရက်နေ့ နေ့လည် (၁၁) နာရီခန့်တွင် ပုပ္ပားတောင်၌ ပွဲပေးပြီးအပြန် ခရီးသည်တင်ကားတစ်စီးသည် လမ်းခရီးရှိ ထမင်းဆိုင်တစ်ဆိုင်အရောက်တွင် ရုတ်တရက် စိတ်ထဲ ဆက်မသွားချင်တော့ဘဲ မျောက်စာကျွေးထားသဖြင့် လက်ဆေးရန်အတွက် ကားရပ်နားခဲ့သည်။ လက်ဆေးပြီး ကားပေါ်ပြန်တက်ခါနီးအချိန်တွင် သမီးငယ်လေးဖြစ်သူ “ဟေသာမေ” က “မေမေ ကြက်ဥပြုတ်စားချင်တယ်” ဟုဆိုကာ လက်ကိုဆွဲထားသဖြင့် ဗိုက်ဆာနေသည်အထင်နှင့် ထမင်းပေါင်းမှာကျွေးကာ ဆိုင်တွင် ခေတ္တကျန်ရစ်ခဲ့သည်။ သို့သော် အတူတူလာသည့် ဝန်ထမ်းများစီးနင်းလာသည့် ရှေ့ကားကမူ ဆိုင်သို့မဝင်ဘဲ ပုဂံဘက်သို့ ဆက်လက်မောင်းနှင်သွားခဲ့သည်။
တားဆီးခေါ်ဆောင်ခံရမှုနှင့် ပြန်လည်လွတ်မြောက်လာခြင်း
၎င်းနောက် (၁၅) မိနစ်ခန့်အကြာတွင် ဖုန်းထဲသို့ အရေးပေါ်စာ (Message) တစ်စောင် ဝင်ရောက်လာခဲ့ပြီး အဆိုပါ ဝန်ထမ်းများပါသွားသည့် ရှေ့ကားမှာ “ဗျတ္တ ပန်းဆက်လမ်း” အရောက်တွင် အမည်မသိအဖွဲ့အချို့၏ တားဆီးခြင်းကို ခံလိုက်ရပြီး အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်ကြောင့် နောက်ကကျန်ခဲ့သူမခိုင်နှင်းဝေက သက်ဆိုင်ရာများနှင့် လိုအပ်သည်များကို ချက်ချင်း ဆက်လက်လုပ်ဆောင်ခဲ့ပြီးနောက်၊ ကံကောင်းစွာဖြင့်ပင် ထိုနေ့ ည (၇) နာရီခန့်တွင် တားဆီးခံခဲ့ရသည့် ဝန်ထမ်းများနှင့် ကလေးများအားလုံး ဘေးကင်းစုံလင်စွာဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
“ကျမနဲ့အတူ ဝန်ထမ်းများအားလုံး ဘေးကင်းလို့ အဆင်ပြေပြီး ဖြစ်ပါတယ်ရှင်၊ အားလုံးပဲ အစစအရာရာ သတိထားသွားလာပြီး ဘေးအပေါင်းမှ ကင်းရှင်းကြပါစေ” ဟု ကာယကံရှင်က သတိပေး နှိုးဆော်ထားသည်။ ယခုရက်ပိုင်းအတွင်း ခရီးသွားပြည်သူများအနေဖြင့် လမ်းခရီး အခြေအနေများကို အထူးဂရုပြု သွားလာကြရန် သတင်းစကား ပါးလိုက်ရပါတယ်ဗျာ