အကြမ်းဖက်မှု ရပ်တန့်ရန် စိတ်ဆန္ဒမရှိသော မြန်မာစစ်အုပ်စုကို အာဆီယံအနေဖြင့် ငြိမ်းချမ်းရေးအတွက် အားကိုးမနေဘဲ မြန်မာ့ဒီမိုကရေစီအင်အားစုများကို မိတ်ဖက်အဖြစ် အသိအမှတ်ပြုရန် အာဆီယံအမတ်များအဖွဲ့-APHR က ကြေညာတိုက်တွန်း

အကြမ်းဖက်မှု ရပ်တန့်ရန် စိတ်ဆန္ဒမရှိသော မြန်မာစစ်အုပ်စုကို အာဆီယံအနေဖြင့် ငြိမ်းချမ်းရေးအတွက် အားကိုးမနေဘဲ မြန်မာ့ဒီမိုကရေစီအင်အားစုများကို မိတ်ဖက်အဖြစ် အသိအမှတ်ပြုရန် အာဆီယံအမတ်များအဖွဲ့-APHR က ကြေညာတိုက်တွန်း
ရန်ကုန်၊ မေ ၁၃
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ရပ်တန့်ရန် စိတ်မရှိသော စစ်အုပ်စုကို အာဆီယံအနေဖြင့် ငြိမ်းချမ်းရေးအတွက် အားကိုးနေ၍ မရဟု အာဆီယံပါလီမန်အမတ်များအဖွဲ့- APHR က ယမန်နေ့ ကြေညာသတိပေး လိုက်သည်။
အင်ဒိုနီးရှားလွှတ်တော်အမတ်နှင့် APHR ဥက္ကဋ္ဌဖြစ်သူ မာစီ ခရစ္စတီး ဘာရန်စ်-Mercy Chriesty Barendsက မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုက မည်သည့်အခါမျှ နိုင်ငံရေးအရ တရားဝင်မှု မရှိကြောင်း၊ အကြမ်း ဖက်မှု ရပ်တန့်ရန် စိတ်မရှိသော စစ်အုပ်စုကို အာဆီယံအနေဖြင့် ငြိမ်းချမ်းရေးအတွက် အားကိုးနေ၍ မရကြောင်း ထုတ်ဖော်ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘဲ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုများနှင့် တရားမဝင် ငွေကြေးစီးဆင်းမှုများအထိ အာဆီယံနိုင်ငံသားများကိုပါ ထိခိုက်လာနေပြီဖြစ်ကြောင်း မလေးရှားလွှတ်တော်အမတ် ဝေါင်ချန်းက ထောက်ပြသည်။
ထို့ကြောင့် မြန်မာ့ဒီမိုကရေစီကိုယ်စားလှယ်များနှင့်စစ်အာဏာရှင် အရေး လှုပ်ရှားသူများ တရားဝင် မိတ်ဖက်အဖြစ် အသိအမှတ်ပြုရန်၊ စစ်ကောင်စီက ဘုံသဘောတူညီချက်များကို မလိုက်နာပါက ထိရောက်သော အကျိုးဆက်များ ရှိလာစေရန်နှင့် လူသားချင်းစာနာမှု အကူအညီများကို စစ်တပ်၏ ထိန်းချုပ်မှုအောက်မှ လွတ်လပ်စွာ ပေးဝေနိုင်ရန်တို့ကို APHRက တောင်းဆိုထားသည်။
အာဆီယံ၏ ဂုဏ်သိက္ခာမှာ စစ်အုပ်စု၏ အာဏာတည်မြဲရေးထက် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒကို မည်မျှ ကာကွယ်ပေးနိုင်မည်နည်း ဆိုသည့်အပေါ်တွင် မူတည်နေကြောင်း APHRက ထောက်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံ၊ အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာ့အရေးအတွက် လက်တွေ့ကျသော ဖြေရှင်းချက် မထွက်ပေါ်လာမှုအပေါ် အာဆီယံပါလီမန်အမတ်များအဖွဲ့- APHRက ပြင်းထန်စွာ ဝေဖန်သတိပေးသည်။
မေလ ၆ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပခဲ့သည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးအတွက် လက်တွေ့ကျသော ဖြေရှင်းချက်များ ထွက်ပေါ်လာခြင်း မရှိသည့်အပေါ် အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) က ပြင်းထန်စွာ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အာဆီယံအဖွဲ့က မြန်မာ့အရေးအတွက် မူဝါဒဟောင်းဖြစ်သည့် ဘုံသဘောတူညီချက် ၅ ရပ်ကိုသာ ထပ်မံအတည်ပြုနေခြင်းမှာ မြန်မာစစ်အုပ်စုအား ပုံမှန်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုရန် လမ်းခင်းပေးနေခြင်းဖြစ်သည်ဟုလည်း APHR က သတိပေးထားသည်။
အာဆီယံထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက မြန်မာ့အရေးသည် ဖြေရှင်းရန် နည်းလမ်းမရှိဘဲ ခက်ခဲသော ပြဿနာတစ်ခု ဖြစ်နေကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုမှာလည်း အသက်မပါတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စိတ်ပျက်လက်ပျက် ထုတ်ဖော်ပြောကြားသည်။
အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် မြန်မာ့အရေးအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားသော်လည်း စစ်အုပ်စုအား တာဝန်ယူမှု တာဝန်ခံမှုရှိစေမည့် လုပ်ငန်းစဉ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တရားဝင် ထိတွေ့ဆက်ဆံမှုများ၊ လွတ်လပ်သော အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှုများစသည့် လက်တွေ့ကျသော လုပ်ဆောင်ချက်များ တစ်စုံတစ်ရာ ပါဝင်လာခြင်း မရှိကြောင်း၊ ၎င်းအချက်မှာ စစ်အုပ်စုအား အပစ်အခတ်ရပ်စဲရေး ဟူသော စကားလုံးကို အသုံးချကာ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် အခွင့်အရေးပေးလိုက်သကဲ့သို့ ဖြစ်နေကြောင်း APHR က ဝေဖန်သည်။
အာဆီယံအဖွဲ့အတွင်းရှိ ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒနှင့် ဘုံသဘောတူညီချက်ဖြင့် ဆုံးဖြတ်သည့် စည်း မျဉ်းများသည် မြန်မာ့အရေးအတွက် အကြီးမားဆုံး အဟန့်အတားများ ဖြစ်နေပြီး အထူးသဖြင့် ထိုင်း၊ ကမ္ဘောဒီး ယားနှင့် လာအိုနိုင်ငံတို့သည် စစ်အုပ်စုအပေါ် ပြတ်သားစွာ အရေးယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပိတ်ဆို့ထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမှုများသည် စစ်အုပ်စုကို တရား ဝင်အစိုးရအဖြစ် တဖြည်းဖြည်း သတ်မှတ်လာနေသည့် အချက်ပြမှုဖြစ်ကြောင်း APHR က သတိပေးသည်။
ဓာတ်ပုံ- ယခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာ။