OWIC ကတ်စနစ်ကို ပြည်ပ အလုပ်သမားတွေက ဖျက်သိမ်းပေးစေလို

OWIC ကတ်စနစ်ကို ပြည်ပ အလုပ်သမားတွေက
ဖျက်သိမ်းပေးစေလို
မေ ၁၂ – ၂၀၂၆
SN (VOM)
တခြားသောနိုင်ငံတွေမှာ တရားဝင်အလုပ်သမား သက်သေခံကတ်အဖြစ် အသိအမှတ်ပြုမှု နည်းပါးတဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) စနစ်ကို ဖျက်သိမ်းပေးစေလိုတယ်လို့ ပြည်ပ အလုပ်သမားတွေက ပြောပါတယ်။
OWIC ကတ်ဟာ မြန်မာနိုင်ငံသားတွေ ပြည်ပကို အလုပ်လုပ်ဖို့ သွားရောက်ရာမှာ ပတ်စ်ပို့အမျိုးအစား (PJ – Passport for Job) နဲ့အတူ မဖြစ်မနေ ကိုင်ဆောင်ရမယ့် ကတ်တခု ဖြစ်ပေမယ့် နိုင်ငံအများစုက အလုပ်ရှင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက အသိအမှတ်ပြုခြင်း မရှိဘဲ အလုပ်လုပ်ခွင့်ကတ် (Work Permit) ကိုသာ အဓိကထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားတွေအနေနဲ့ ပြည်ပကို တရားဝင် ထွက်ခွာနိုင်ဖို့အတွက် အချိန်ကုန်၊ ငွေကုန်ခံပြီး OWIC ကတ်ကို လုပ်ဆောင်ရပေမယ့် ပြည်ပရောက်တဲ့အခါ OWIC က ထိရောက်တဲ့ ကာကွယ်မှုတွေ ပေးနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
“ဘာမှ အရေးမပါတဲ့ကတ်ပါ။ OWIC က မြန်မာနိုင်ငံအတွက်ပဲ အသုံးဝင်တာ။ ဒီကတ်က ပြည်ပမှာ ဘယ်နေရာမှ အသုံးမလိုဘူး၊ အသုံးမဝင်ဘူး။ ဒါကို ဘာဖြစ်လို့ လုပ်စေချင်တာလဲ မသိဘူး။ အခွန်အတွက်ဆိုလည်း စာအုပ်သက်တမ်းတိုးရင် တခါတည်း အခွန်ကောက်ထားလို့ ရတယ်။ လွယ်ကူအောင်မလုပ်ဘဲ ခက်အောင်၊ ရှုပ်ထွေးအောင်၊ အချိန်ကုန်အောင် လုပ်နေတာ။ လူ့အရင်းအမြစ်တွေ ဆုံးရှုံးစေတယ်” လို့ အလုပ်သမား တယောက်က ပြောပါတယ်။
OWIC ကတ် လျှောက်ထားရာမှာ လမ်းညွှန်ချက်တွေ၊ မူဝါဒတွေ မကြာခဏဆိုသလို အပြောင်းအလဲတွေ ရှိနေတာအပြင် မလိုအပ်ဘဲ အချိန်များစွာ ကြန့်ကြာမှုတွေလည်း ရှိနေတာကြောင့် အလုပ်သမားတွေအတွက် အခက်အခဲတွေ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။
ဒါအပြင် OWIC ကတ်မှာ ဝင်ငွေခွန်နဲ့ ပြည်ပမှလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင် လမ်းကြောင်းကနေ ပြန်ပို့ရတဲ့ စည်းကမ်းချက်တွေ ပါဝင်နေတဲ့အတွက် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အဲဒီကတ်အစား ပတ်စ်ပို့စာအုပ်မှာ သံရုံးက အထူးတံဆိပ်တုံးနဲ့ဆို ပိုကောင်းမယ်။ အလုပ်ပြောင်းရင်လည်း သံရုံးသွားပြီး တံဆိပ်တုံးထပ်ထုရုံပဲ။ ပြီးတော့ ခွင့်ပြန် မူဝါဒတွေက အလုပ်သမားတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့အပြင် ငွေကုန်ကြေးကျ အရမ်းများတယ်။ လာဘ်စားမှုကို ဖော်ဆောင်ပေးသလိုလည်း ဖြစ်နေတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြန်လည် သုံးသပ်ပေးစေချင်ပါတယ်” လို့ နောက်ထပ် အလုပ်သမား တယောက်က ပြောပါတယ်။
OWIC ကတ်ကို အရင်က နေ့တဝက်နဲ့အပြီး ပြုလုပ်ပေးခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ မူဝါဒ အပြောင်းအလဲတွေကြောင့် သုံးလကနေ၊ ငါးလကျော်အထိ အချိန်ပေး စောင့်ဆိုင်းနေရတဲ့အတွက် ခွင့်ပြန် အလုပ်သမားတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ များစွာ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အလုပ်သမားဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက်အရ ခွင့်ပြန် အလုပ်သမားတွေအတွက် OWIC ကတ်တွေကို တပတ်အတွင်း အမြန်ဆုံး ပြုလုပ်ပေးမယ်လို့ ကြေညာထားပြီး မေ ၈ ရက်အထိ လက်ခံရရှိထားတဲ့ OWIC ကတ် လျှောက်ထားမှုတွေထဲက အလုပ်သမား ၆၀၆ ယောက်ကို စိစစ်ပြီးဖြစ်တာကြောင့် မေ ၁၁ ရက်မှ မေ ၂၂ ရက်အတွင်း ကတ်စတင် ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
OWIC အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနဲ့ အချက်အလက် မှားယွင်းပြီး ကတ်လဲလှယ်ခြင်းတို့ကို အထောက်အထား ပြည့်စုံမှန်ကန်ပါက (ရုံးပိတ်ရက်မပါ) ရက်သတ္တပတ်အတွင်း အပြီး ဆောင်ရွက်ပေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဒီကနေ့ မေ ၁၂ ရက်မှာ အသိပေး ကြေညာထားတာပါ။
ဒါအပြင် OWIC ကတ် ရရှိပြီးသူတွေအနေနဲ့ လေယာဉ်လက်မှတ်နဲ့အတူ ပြန်လည်ထွက်ခွာခွင့် တင်ပြလာပါကလည်း လေယာဉ်ထွက်ခွာမယ့်ရက်အမီ စိစစ် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပြီး OWIC ကတ် ပြုလုပ်ခွင့်ရရှိသူတွေရဲ့ အမည်စာရင်းကို ဝန်ကြီးဌာနရဲ့ Safe Migration (Facebook, Telegram, TikTok) စာမျက်နှာတွေမှာ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်လို့ ခွင့်ပြန် အလုပ်သမား တယောက်က “သူတို့က တဖက်မှာ ဖြေလျော့ပေးသလိုလိုနဲ့ အချက်အလက် မှန်ကန်မှဆိုပြီးလည်း ပြောထားတယ်။ အချက်အလက်က ကိုယ်က ဘယ်လောက်ပဲ မှန်ကန်အောင်လုပ်လုပ်၊ သူတို့ဆီရောက်ရင် အဆင်မပြေတာတွေက များနေတယ်။ OWIC ကတ်ရဖို့ ငါးလလောက် ကြာအောင် စောင့်ခဲ့ရတယ်။ သူများတိုင်းပြည်တွေ ဘာဇယားမှ မရှုပ်ဘူး။ ဒီတနိုင်ငံပဲ ဖြစ်နေတာ။ လွယ်နေတာကို ခက်အောင် ကွေ့ပတ်နေကြတာ” လို့ ပြောပါတယ်။
ဒါအပြင် ပြည်ပနိုင်ငံမှာ အလုပ် လုပ်ကိုင်နေသူ တယောက်ကလည်း အစိုးရပိုင်း တာဝန်ရှိသူတွေအနေနဲ့ လက်ရှိ ထုတ်ပြန်ထားတဲ့ မ‌သင့်လျော်၊ အဆင်မပြေတဲ့ ဥပဒေတွေကို ပြန်လည် ရုပ်သိမ်းပေးစေလိုပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အဆင်ပြေ ချောမွေ့စွာ အိမ်ပြန်နိုင်ရေး ကူညီပေးစေချင်တယ်လို့ ပြောပါတယ်။
နောက်ထပ် အလုပ်သမား တယောက်ကလည်း “ကိုယ့်နိုင်ငံ၊ ကိုယ်အိမ်ကိုယ် ပြန်လည်တာတောင် အလုပ်တွေရှုပ်အောင် လုပ်နေကြတာ။ ပတ်စ်ပို့ ရှိတယ်၊ ဗီဇာရှိတယ်။ ဝင်လာရင် အဝင်တုံး၊ ထွက်သွားရင် အထွက်တုံး၊ ရှင်းရှင်းလေးကို။ အချိန်တွေကုန်၊ အာရုံတွေနောက်အောင် လုပ်နေကြတာ။ ဒီမူဝါဒ၊ ဒီစနစ်တွေက ဒုက္ခတွေပဲ ပေးနေတာ။ ဘယ်သူမှ မနှစ်မြို့ဘူး” လို့ ပြောပါတယ်။
OWIC ကတ်ဟာ PJ ပတ်စ်ပို့ ကိုင်ဆောင်ပြီး အလုပ်လုပ်ဖို့ သွားရောက်သူတွေအတွက် တရားဝင် အလုပ်သမားအဖြစ် အသိအမှတ် ပြုပေးတဲ့ကတ်ဖြစ်ပြီး အဲဒီကတ် ရှိမှသာ လေဆိပ်ကနေ ထွက်ခွာခွင့် ရရှိမှာဖြစ်ကာ အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ မြန်မာလုပ်သားတွေ ပြည်ပ ရောက်ရှိပါက သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေပါခံစားခွင့်တွေကို ရရှိနိုင်စေဖို့ ရည်ရွယ် ထုတ်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ