ရန်ကုန်-ပြည်လမ်းရှိ ကွမ်းခြံစစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး ဘန်ကာများ ပျက်စီး

ရန်ကုန်-ပြည်လမ်းရှိ ကွမ်းခြံစစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး ဘန်ကာများ ပျက်စီး
ရန်ကုန်၊ မေ ၁၁
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်းရှိ ကွမ်းခြံ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး ဘန်ကာများ ပျက်စီးခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ကွမ်းခြံဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံးများ၊ လက်နက်ငယ်များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုသည် ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိကာ စစ်တပ်ဂိတ် အတွင်းရှိ ဘန်ကာများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
” လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည် လမ်းဘေးက စစ်ခွေး အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ ကွမ်းခြံဂိတ်ကို ၄၀ မမ ဗုံး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်။ ဂိတ်စခန်းထဲက ဘန်ကာတွေ ပျက်စီးသွားပြီး စစ်ခွေးတွေလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်ပကဖ၊ အမှတ်(၁)တိုက်ခိုက်ရေးတပ်ဖွဲ့ (ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့) က လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ရန်ကုန်-ပြည်လမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် လုံခြုံရေးယူထားသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။