ရန်ကုန်တွင် သီလရှင်ဝတ်စုံဖြင့် Miss Grand Myanmar ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်ပြီး ပွဲလက်ခံသည့် ဟိုတယ်ကို လုပ်ငန်းလုပ်ခွင့် ၆ လပိတ်
ရန်ကုန်၊ မေ ၁၀



ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် Miss Grand Myanmar အလှမယ်ပြိုင်ပွဲ၏ အမျိုးသားဝတ်စုံ (National Costume) ယှဉ်ပြိုင်မှုတွင် ဗုဒ္ဓဘာသာ သီလရှင်ဝတ်စုံကို ဝတ်ဆင်ကာ မော်ဒယ် လျှောက်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို စစ်ကောင်စီတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ယမန်နေ့ စစ်ကောင်စီတရားရုံးက သာသနာရေးဝန်ကြီးဌာန၏ တိုင်ကြားချက်အရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီနောက် အလှမယ် အိမွန်လွင် (တာချီလိတ်မယ်)ကို သီလရှင်ဝတ်စုံဝတ်ကာ ယှဉ်ပြိုင်ခဲ့မှုအတွက် သာသနာညိုးနွမ်းစေမှု အပါအဝင် ပုဒ်မများဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ်၊ Miss Grand Myanmar ပွဲစီစဉ်သူ မရမ်ဆိုင်းနော် ကို ထောင်ဒဏ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ်၊ ပွဲကျင်းပခဲ့သည့် Eravati Sule Grand Yangon ဟိုတယ်မှ မန်နေဂျာကို ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း သိရှိရသည်။
ယင်းအပြင် ပြိုင်ပွဲကျင်းပခဲ့သည့် ရန်ကုန်မြို့ Eravati Sule Grand Yangon ဟိုတယ်ကိုလည်း (၆) လယာယီပိတ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်။
ပြီးခဲ့သည့် မေလ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ Eravati Sule Grand Yangon ဟိုတယ်တွင် ကျင်းပခဲ့သည့် Miss Grand Myanmar ပြိုင်ပွဲ၌ တာချီလိတ်ကိုယ်စားပြုအလှမယ် အိမွန်လွင်က သီလရှင်ဝတ်စုံကို ဝတ်ဆင်၍ မော်ဒယ်ရှိုးလျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်းလုပ်ရပ်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနက ဗုဒ္ဓဘာသာကို စော်ကားရာရောက်သည်ဟုဆိုကာ ပြည်ထဲရေးဝန်ကြီးဌာနသို့ အရေးယူပေးရန် မေလ ၅ ရက်နေ့တွင် တိုင်ကြားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် Miss Grand Myanmar အဖွဲ့အစည်းက အလှမယ် အိမွန်လွင်ကို ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သလို၊ ကျင်းပရန် ကျန်ရှိနေသည့် ဆန်ကာတင်ပြိုင်ပွဲ (Preliminary) နှင့် နောက်ဆုံးဗိုလ်လုပွဲ (Grand Final) တို့ကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် အဆိုပါဟိုတယ်မှာလည်း အမိန့်ကြောင့် ပိတ်ထားရသည့်အတွက် ဧည့်သည် လက်ခံမှုများကို ရပ်ဆိုင်းထားကြောင်း သိရှိရသည်။