ရန်ကုန်မှာ အုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းနဲ့ ဖမ်းပြီး စစ်မှုထမ်းထဲ ပို့ဆောင်မှုများလာ
CJ Platform
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို ဖမ်းပြီး စစ်မှုထမ်းထဲကို ထည့်သွင်းပို့ဆောင်မှုတွေ များလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်မှာ မေလ ၆ ရက်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဧည့်စာရင်းစစ်ဆေးပြီး ဧည့်စာရင်းမတိုင်သည့် လူငယ် ၂ ဦးကို ဖမ်းဆီးပြီး အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ပို့လိုက်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လှည်းကူးမှာ ပိုက်ဆံရှိတဲ့သူက သူတို့စစ်မှုထမ်းရမယ့်အလှည့်ဆို အုပ်ချုပ်ရေးကို ပိုက်ဆံပေးပြီး လူဝယ်လိုက်တယ်။ အုပ်ချုပ်ရေးက ဧည့်စာရင်းစစ်ပြီး မိရင် ရဲစခန်းမပို့ဘဲ သင်တန်းကျောင်းပို့တယ်။ ၆ ရက်နေ့က မြို့မ ၂ ရပ်ကွက်ထဲက လူငယ် ၂ ယောက်ကို အုပ်ချုပ်ရေးအဖွဲ့က ဖမ်းပြီး စစ်ထဲထည့်လိုက်တယ်” လို့ ပြောပါတယ်။
လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၉ ရပ်ကွက်တွင်လည်း မေလ ၄ ရက်က ဧည့်စာရင်းဖြင့် နေထိုင်သူတစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဧည့်စာရင်းစစ်ပြီဆို အရင်လို ဒဏ်မရိုက်ဘူး၊ ရဲစခန်းလည်း မပို့ဘူး၊ စစ်မှုထမ်းခိုင်းတာ။ မတရားဘူးဆိုပေမယ့် ပြန်လည်မပြောရဲဘူး။ ဧည့်စာရင်းစစ်ပြီး အုပ်ချုပ်ရေးက စစ်ထဲထည့်လို့ တိုင်တဲ့သူတွေရှိတယ်၊ မြို့နယ်ရော ခရိုင်ရော အရေးမယူဘူး။ ၄ ရက်နေ့က ၁၉ ရပ်ကွက်က တစ်ယောက် ပါသွားတယ်” လို့ ပြောပါတယ်။
တောင်ဒဂုံမြို့နယ်၊ ၅၆ ရပ်ကွက်မှာလည်း ဧည့်စာရင်းနဲ့ နေထိုင်သူတွေကိုသာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းခိုင်းတယ်လို့ အဆိုပါရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“၅၆ ရပ်ကွက်မှာဆို သန်းခေါင်စာရင်းနဲ့ နေတဲ့သူထက် ဧည့်စာရင်းနဲ့ နေတဲ့သူကို ပစ်မှတ်ထားပြီး စစ်မှုထမ်းခိုင်းတာ။ အုပ်ချုပ်ရေးအဖွဲ့က ဧည့်သည်လာရင် ဧည့်စာရင်းဝင်စစ်၊ ပြီးရင် စစ်မှုထမ်းထဲ ပို့တာ” လို့ ပြောပါတယ်။
ဥပဒေအရ အုပ်ချုပ်ရေးအဖွဲ့က ဧည့်စာရင်းဖြင့် ဖမ်းမိပါက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားရမှာဖြစ်ပြီး တရားစီရင်ရေးမှာ တရားရုံးနဲ့သာ သက်ဆိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဧည့်စာရင်းနဲ့ ဖမ်းမိတိုင်း စစ်ထဲထည့်လို့မရပါဘူး။ ရပ်ကျေးဥပဒေအရ အမှုဖွင့်ရင်တောင် ပုဒ်မ ၂၇ အရ ထောင်ဒဏ် ၇ ရက်၊ ငွေဒဏ်ဆို ၁ သောင်းပဲ ပေးဆောင်ရမှာ” လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်ကလည်း လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့က ဧည့်စာရင်းနဲ့ နေထိုင်သူတစ်ဦးကို ဖမ်းဆီးပြီး စစ်ထဲထည့်လိုက်၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို မိသားစုဝင်တွေက တိုင်ထားတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဥပဒေထုတ်ပြန်ခဲ့ပြီး မတ်လ ၃၀ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၁ ကို စတင်ခေါ်ယူခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
#CJPlatform #ရန်ကုန်တိုင်း #ဧည့်စာရင်း #စစ်မှုထမ်း #အုပ်ချုပ်ရေးမှူး