မြန်မာ့အရေးမှာ အာဆီယံအတွက် ဖြေရှင်းနည်း မရှိသေးသည့် ခက်ခဲသော ပြဿနာတစ်ရပ်ဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဝန်ခံ

မြန်မာ့အရေးမှာ အာဆီယံအတွက် ဖြေရှင်းနည်း မရှိသေးသည့် ခက်ခဲသော ပြဿနာတစ်ရပ်ဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဝန်ခံ
ရန်ကုန်၊ မေ ၉
မြန်မာ့အရေးမှာ အာဆီယံအတွက် ဖြေရှင်းနည်း မရှိသေးသည့် ခက်ခဲ ရှုပ်ထွေးသော ပြဿနာတစ်ရပ်ဖြစ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဝန်ခံပြောဆိုလိုက်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာတွင် လက်ရှိအချိန်အထိ သိသာထင်ရှားသော ဖြေရှင်းနည်းများ မရှိသေးသည့် ခက်ခဲရှုပ်ထွေးသော ပြဿနာ (Thorny problem) တစ်ရပ်ဖြစ်နေကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဝန်ခံလာခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ကျင်းပခဲ့သည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သမ္မတ မားကို့စ်က မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံခေါင်းဆောင်များ၏ သဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များကို ထုတ်ဖော်ပြောဆိုစဉ် ထိုသို့ ဝန်ခံလာခြင်းဖြစ်သည်။
ဖိလစ်ပိုင် သမ္မတ မားကို့စ်က မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး လုပ်ငန်းစဉ်များသည် မျှော်လင့်ထားသ လောက် ရှေ့မတိုးဘဲ တိုးတက်မှု အလွန်နှေးကွေးနေခြင်းအပေါ် အဖွဲ့ဝင်နိုင်ငံများက စိတ်ပျက်မိကြောင်း ပြောကြားသည်။
“လုပ်ငန်းစဉ်က ရှေ့မတိုးတာ၊ ဒါမှမဟုတ် တိုးတက်မှုရှိရင်တောင် အလွန်နည်းပါးနေတာဟာ အဖွဲ့ဝင်နိုင်ငံတွေအတွက် အမှန်တကယ် စိတ်ပျက်စရာ ကောင်းပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ မျှော်လင့်ထားသလောက် တိုးတက်မှု မရှိခဲ့တာကတော့ အသေအချာပါပဲ” ဟု ၎င်းက ဆိုသည်။
အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို ချမှတ်ထားသော်လည်း မြန်မာနိုင်ငံအတွင်း လက်တွေ့တိုးတက်မှု တစ်စုံတစ်ရာ မတွေ့ရသေးကြောင်းလည်း ၎င်းက ထောက်ပြသည်။
သမ္မတ မားကို့စ်က မြန်မာနိုင်ငံအား အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများမှ ဆက်လက်ဖယ်ကျဉ်ထားရခြင်းကို “ဝမ်းနည်းစရာ (Tragedy)” တစ်ခုဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။
“မြန်မာနိုင်ငံဟာ အာဆီယံအတွက် မိတ်ဆွေတစ်ဦးသက်သက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ အာဆီယံမိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အကြောင်းပြချက် တစ်ခုခုကြောင့် မိသားစုဝင်တစ်ဦးကို မိသားစုကနေ ဖယ်ကျဉ်ထားရတာဟာ ဝမ်းနည်းစရာ ကမ္ဘာတစ်ခုပါပဲ” ဟု ၎င်းက ပြောသည်။
မြန်မာ့အရေးသည် ခက်ခဲသော ပြဿနာတစ်ရပ် ဖြစ်နေသော်လည်း အာဆီယံအနေဖြင့် လက်လျှော့မည်မဟုတ်ဘဲ အခြေအနေများ ပုံမှန်ပြန်ဖြစ်လာစေရန် တစ်စုံတစ်ရာ ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံများအကြား “တိတ်တဆိတ် သဘောတူညီချက် (Tacit agreement)” ရှိထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
သမ္မတ မားကို့စ်က အာဆီယံခေါင်းဆောင်များအနေဖြင့် ရပ်တန့်နေသည့် လုပ်ငန်းစဉ်များကို ပြောင်းလဲနိုင်မည့် နည်းလမ်းသစ်များနှင့် စိတ်ကူးအကြံဉာဏ်သစ်များကို ဆက်လက်ရှာဖွေသွားကြမည်ဖြစ်ကြောင်း အလေးပေး ပြောကြားသည်။ တစ်ချိန်တည်းမှာပင် လူ့အခွင့်အရေး လေးစားမှုနှင့် တရားဥပဒေစိုးမိုးရေး ကဲ့သို့သော အာဆီယံ၏ အခြေခံမူများကိုလည်း စွန့်လွှတ်မည်မဟုတ်ကြောင်း ၎င်းက အတည်ပြုခဲ့ပါသည်။
ယခုနှစ် ထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခွင့်မရှိဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။