ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ပကစ (၁၆) ကာကင်းစခန်းများအား AA တိုက်ခိုက်ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းမိ

ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ပကစ (၁၆) ကာကင်းစခန်းများအား AA တိုက်ခိုက်ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများစွာ သိမ်းမိ
မေ ၈၊ ၂၀၂၆

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးက ကပစ (၁၆)၊ ပွိုင့် ၅၀၀ ဗျူဟာကုန်းရဲ့ ခံစစ်စခန်းတွေနဲ့ ကာကင်းစခန်းတွေထဲက ကာကင်းစခန်း ၄ ခုကို အာရက္ခတပ်တော် (AA) က‌နေ ထိုးစစ်ဆင်တိုက်ခိုက်ရာ လက်နက်ခဲယမ်းများစွာနဲ့ စစ်သား အလောင်း ၂၀ ကို သိမ်းမိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
AA တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ညနေပိုင်းကနေ မေလ ၇ ရက်နေ့အထိ စစ်တပ်ရဲ့စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း သိမ်းဆည်းရမိခဲ့တဲ့ စစ်သားအလောင်းတွေဟာ စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉) တပ်တွေမှ တပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ AA တပ်ဖွဲ့ဝင်တွေဟာ မေလ ၈ ရက်နေ့က ကစဉ့်ကလျားထွက်ပြေးခဲ့တဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေပြီး လက်ကျန် ခံစစ်စခန်းတွေ၊ ကာကင်းစခန်းတွေကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကပစ (၁၆) ရဲ့ ပွိုင့် ၆၆၆ ကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စက်ရုံနဲ့ ပိုမိုနီးကပ်တဲ့ ပွိုင့် ၅၀၀၊ ၅၃၅၊ ၅၀၆၊ ၂၆၈ တို့ကို သိမ်းပိုက်ဖို့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့မှာလည်း ကပစ (၁၆) စက်ရုံကို AA နဲ့ ပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံး လက်နက်ကြီးတွေနဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပြီး စက်ရုံတွင်းမှာ ပေါ်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ကပစ (၁၆) တည်ရှိရာ ပန်းတောင်းမြို့နယ်ဟာ စစ်တပ်အတွက် လက်နက်ခဲယမ်း ထုတ်လုပ်ပေးနေတဲ့ အဓိကဗဟိုချက်နယ်မြေတစ်ခု ဖြစ်ပြီး ဒီမြို့နယ်အတွင်းမှာတင် ကပစ စက်ရုံပေါင်း ၄ ရုံ တည်ရှိနေကာ စစ်တပ်က ပြည်သူတွေကိုသတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ လေယာဉ်ဗုံး၊ မော်တာကျည်၊ လက်နက်ငယ်ကျည်နဲ့ ယမ်းအမျိုးမျိုးကို အဓိက ထုတ်လုပ်ဖြန့်ဖြူးပေးနေတာပဲ ဖြစ်ပါတယ်။
အဲဒီထဲမှာမှ ကပစ (၁၆) စက်ရုံဟာ TNT ယမ်းအမျိုးအစား အပါအဝင် ယမ်းထုတ်လုပ်မှုအပိုင်းကို အဓိက တာဝန်ယူရသလို အခြားစစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရေးကြီးကုန်ကြမ်းတွေကိုပါ အမြောက်အမြား သိုလှောင်ထားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ- AA မှ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများနှင့် စစ်သားအလောင်းများ (Arakan Princess Media)