အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲမှာ ယုံကြည်စိတ်ချရမှု မရှိခြင်း၊ အားလုံးပါဝင်နိုင်မှု မရှိခြင်း၊ မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟတ်မှု မရှိခြင်း အပါအဝင် နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီ၍ အာဆီယံက တရားဝင်မှု မပေးရန် ANFREL ကကြေညာ

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲမှာ ယုံကြည်စိတ်ချရမှု မရှိခြင်း၊ အားလုံးပါဝင်နိုင်မှု မရှိခြင်း၊ မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟတ်မှု မရှိခြင်း အပါအဝင် နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီ၍ အာဆီယံက တရားဝင်မှု မပေးရန် ANFREL ကကြေညာ
ရန်ကုန်၊ မေ ၈
အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် လုပ်ကြံဖန်တီးထားသည့် ရွေးကောက်ပွဲဖြစ် စဉ်သည် နိုင်ငံ တကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် အာဆီယံခေါင်းဆောင်များအနေဖြင့် ယင်းအပေါ် တရားဝင်မှု (Legitimacy) မပေးရန် လွတ်လပ်သော အာရှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ရက် (ANFREL) က ယနေ့တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် တိုက်ဆိုင်၍ ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီက ကျင်းပခဲ့သော ရွေးကောက်ပွဲများသည် တရားမဝင်ကြောင်းနှင့် ယင်းအပေါ် အာဆီယံ၏ တုံ့ပြန်မှုသည် မြန်မာ့အရေးအတွက် အလွန်အရေးကြီးကြောင်း ဖော်ပြထားသည်။
ANFREL နှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) တို့၏ ပူးပေါင်းအစီရင်ခံစာဖြစ်သော “ဝတ်စုံသစ်လဲထားသည့် စစ်ဗိုလ်ချုပ်ဟောင်းများ” အစီရင်ခံစာကို ကိုးကား၍ စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရမှု (Credible) လုံးဝမရှိခြင်း၊ သက်ဆိုင်သူအားလုံး ပါဝင်နိုင်မှု (Inclusive) မရှိခြင်း၊ မြန်မာပြည်သူများ၏ ဆန္ဒအစစ်အမှန်ကို ထင်ဟပ်နိုင်သည့် အခြေခံအချက်များ ကင်းမဲ့နေကြောင်း ANFRELက ထောက်ပြထားသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့် အရပ်ဘက်နယ်ပယ်များကို စစ်တပ်က အပြင်းအထန် ကန့်သတ်ထားသဖြင့် ရွေးကောက်ပွဲစောင့်ကြည့်သူများ၊ သတင်းထောက်များနှင့် ဒီမိုကရေစီအင်အားစုများမှာ ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊ ထိုသို့သောအခြေအနေတွင် ကျင်းပသည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျသည်ဟု မည်သို့မျှ မသတ်မှတ်နိုင်ကြောင်း ANFRELက ဆိုသည်။
အာဆီယံခေါင်းဆောင်များအနေဖြင့် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲဖြစ်စဉ်ကို အသိအမှတ်ပြုခြင်း သို့မဟုတ် တရားဝင်မှုပေးနိုင်မည့် မည်သည့်လုပ်ဆောင်ချက်မျိုးကိုမဆို ရှောင်ကြဉ်ကြရန် ANFREL က အလေးအနက် တိုက်တွန်းထားသည်။
ယင်းအစား အာဆီယံအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရာတွင် တရားဝင်ဒီမိုကရေစီအင်အားစုများ၊ တိုင်း ရင်းသားအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများကိုသာ အဓိကထား ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံနှုန်းများကို အခြေခံသည့် ရေရှည်တည်ငြိမ်သော အနာဂတ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ANFRELက တိုက်တွန်းပြောကြားသည်။
ဓာတ်ပုံ- AFP။