ဦးသန်းရွှေပတ္တမြားထက် တန်ဖိုးပိုရှိဟု အာဏာသိမ်းသမ္မတ အမွှမ်းတင်

ဦးသန်းရွှေပတ္တမြားထက် တန်ဖိုးပိုရှိဟု အာဏာသိမ်းသမ္မတ အမွှမ်းတင်
ဧရာဝတီ၊ မေ ၈၊ ၂၀၂၆

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှ အလေးချိန် ၂,၂၀၀ ဂရမ် (၁၁,၀၀၀ ကာရက်) ရှိ ပတ္တမြားကို မြန်မာနှစ်သစ်ကူးကာလ အပြီး ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် ယခုပတ္တမြားမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၁၉၉၆ ခုနှစ်က ရရှိခဲ့သော ပတ္တမြားကြီးထက် အရည်အသွေးသာလွန်ပြီး တန်ဖိုးပိုရှိကြောင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က အမွှမ်းတင် ပြောဆိုလိုက်သည်။
အဆိုပါ ရှာဖွေတွေ့ရှိခဲ့သော ပတ္တမြားသည် ခရမ်းရောင်သမ်းသည့် အနီရောင်တွင် အဝါရိပ်ဖောက်အရောင်ရှိပြီး အရောင် အဆင့်အတန်းအားဖြင့် ကောင်းမွန်ကြောင်း၊ အလင်းပေါက်အား အသင့်အတင့်ရှိကာ ဖန်ရောင်လက်၍ သဘာဝအတိုင်းရှိ သော ပတ္တမြားဖြစ်ကြောင်း အာဏာသိမ်းအစိုးရ၏ မေလ ၇ ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယခင်စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေလက်ထက် ၁၉၉၆ ခုနှစ်တွင် ၂ သောင်းကျော်ကာရက်ရှိ ပတ္တမြားကြီးနှင့် ၂၀ဝ၀ ပြည့်နှစ်များအတွင်း ဆင်ဖြူတော်များ ပေါ်ထွန်းခဲ့မှုကို အုပ်ချုပ်သူ၏ ဘုန်းကံအဖြစ် ပုံဖော်ခဲ့သကဲ့သို့ပင် ယခုလည်း စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများကြားမှ ပတ္တမြားကြီးထွက်ရှိမှုကို အုပ်ချုပ်သူ၏ ကုသိုလ်ကံကြောင့်ဟုဆိုကာ ပုံဖော်လာခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
ထို့ပြင် ဦးသန်းရွှေလက်ထက် တွေ့ရှိခဲ့သော ပတ္တမြားကြီးနှင့် နှိုင်းယှဉ်ပြောဆိုလာခြင်းမှာ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေထက် လက်ရှိစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဘုန်းကံက သာလွန်ကြောင်း ဝါဒဖြန့်လိုသည့်သဘော ဖြစ်သည်ဟုလည်း ဆိုသည်။
အာဏာသိမ်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရှားပါးပြီး တန်ဖိုးရှိသည့် ပတ္တမြားများကို ၁၉၉၀ ပြည့်နှစ်က အလေးချိန် ၉၉ ဒသမ ၂၅ ဂရမ် (၄၉၆ ဒသမ ၂၅ ကာရက်) ရှိ နဝတ ပတ္တမြား၊ ၁၉၉၆ ခုနှစ်တွင် အလေးချိန် ၄၂၉၀ ဂရမ် (၂၁၄၅၀ ကာရက်) ရှိ ပတ္တမြားနှင့် ၂၀၂၂ ခုနှစ်၌ အလေးချိန် ၅၅၇ ဒသမ ၈၅ ဂရမ် (၂၇၈၉ ဒသမ ၂၅ ကာရက်) ရှိ ပတ္တမြားတို့ အသီးသီး ရရှိထားပြီး၊ ပတ္တမြားအားလုံးသည် မိုးကုတ်ရတနာမြေထွက် တွင်းထွက်များဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိ ပတ္တမြားတွေ့ရှိမှုနှင့် တပြိုင်နက်တည်းမှာပင် ရန်ကုန်မြို့ မဟာဝိဇယဝန်းအတွင်း စိုက်ပျိုးထားသော ဗောဓိညောင် ပင်၌ ညောင်ရွက်များ အစိမ်းမှ ရွှေအိုရောင်သို့ ပြောင်းလဲခဲ့ပြီး ယင်းမှာ သက်တမ်း ၄၀ ကျော်အတွင်း ယခုတကြိမ်သာ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း၊ ညောင်ရွက်များ ရွှေအိုရောင်ပြောင်းလဲခြင်းသည် နိုင်ငံအေးချမ်းသာယာဝပြောမည့် နိမိတ် ကောင်းဖြစ်ကြောင်း စသည်ဖြင့် စစ်တပ်လော်ဘီ သတင်းဌာနများကလည်း စစ်ခေါင်းဆောင်အကြိုက် အမွှမ်းတင် ရေးသားနေကြသည်။
ဓာတ်ပုံ – CINCDS/ One News