အကြမ်းဖက် မင်းအောင်လှိုင်က မတရားလုယူထားတဲ့ နိုင်ငံတော်သမ္မတရာထူး နဲ့ ရုရှားနိုင်ငံ၏ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လိုသော်လည်း ရုရှားက မဖိတ်၊ မင်းအောင်လှိုင်က သူ့ကို ဖိတ်ကြားမှု ရှိ၊ မရှိ ရုရှားအစိုးရထံသို့ တရားဝင် မေးမြန်းစုံစမ်းခဲ့
ရန်ကုန်၊ မေ ၈
အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကိုယ်သူ ခန့်အပ်ပြီး မတရားလုယူထားတဲ့ နိုင်ငံတော်သမ္မတ ရာထူးနဲ့ ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနား တက်ရောက်လိုပေမယ့်လည်း ဒီနှစ်မှာတော့ ရုရှားက မြန်မာစစ်ခေါင်း ဆောင်ကို ဖိတ်ကြားမှု မရှိဘူးလို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားနိုင်ငံရဲ့ ၈၁ နှစ်မြောက် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားပြုလုပ်မှာဖြစ်ပြီး ဒီနှစ်မှာတော့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုခဲ့ပါဘူး။
မော်စကိုစစ်ရေးပြအခမ်းအနားသို့ ရုရှားက ဘီလာရုစ်၊ စလိုဗက်ကီးယား၊ လာအိုနဲ့ မလေးရှားဘုရင်တို့ကို တက်ရောက်ဖို့ ဖိတ် ကြားခဲ့ပြီး မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့တာ မရှိပါဘူး။ ဒါပေမယ့်လည်း အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကို အခမ်းအနားမှာ ဖိတ်ကြားမှု ရှိ၊ မရှိ ရုရှားအစိုးရထံသို့ တရားဝင် မေးမြန်းစုံစမ်းခဲ့တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။
“ဒီနှစ်ရုရှားက ၈၁ နှစ်မြောက် ရင်ပြင်နီအောင်ပွဲနေ့ မြန်မာနိုင်ငံကို ဖိတ်ကြားမှု ရှိ၊ မရှိ စုံစမ်းမေးမြန်းတယ်။ ရုရှားဘက်က ဖိတ်ကြားတာမရှိဘူး။ အခြားနိုင်ငံတွေကို ဖိတ်ပေမယ့် မြန်မာနိုင်ငံတော့ မပါဝင်ဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။
ရုရှားက ဖိတ်ကြားတဲ့ သူတွေထဲမှာ လာအိုနိုင်ငံ သမ္မတ၊ မလေးရှားနိုင်ငံ ဘုရင် Sultan Ibrahim၊ စလိုဗက်ကီးယားနိုင်ငံ ဝန်ကြီး ချုပ် Robert Fico၊ ဘီလာရုစ်သမ္မတ လူကာရှန်ကို Alexander Lukashenko၊ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားနိုင်ငံထဲက ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမရှိပေမယ့်လည်း ရုရှားမှာရှိတဲ့ မြန်မာသံရုံးနဲ့ စစ်သံရုံးကတော့ အခမ်းအနားကို တက်ရောက်မှာဖြစ်ပြီး ရင်ပြင်နီနေ့ စစ်ရေးပြချီတက်မှု၊ လေကြောင်းကနေ ရုရှားသမ္မတကို ပျံသန်းအလေးပြုမှုနဲ့ သမ္မတပူတင်ရဲ့ မိန့်ခွန်း ပြေကြားခြင်း အစီအစဉ်တွေ ပါဝင်မှာ ဖြစ်တယ်လို့ ရုရှားအစိုးရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
၂၀၂၅ ခုနှစ် မတ်လအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ မင်းအောင်လှိုင်က ရုရှား ခေါင်းဆောင်ပူတင်နဲ့ တွေ့ဆုံခဲ့စဉ် ရုရှားသမ္မတ ပူတင်ကို မြတ်စွာဘုရား၏ ဗျာဒိတ်တော်လာ ကြွက်မင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဗုဒ္ဓသာသနာ နှစ် ၂၀၀၀ ကျော်တဲ့အခါ ရုရှားခေါင်းဆောင်ဟာ လက်နက်အတတ်ပညာမှာ တဖတ်ကမ်းခတ်တတ်ပြီးတော့မှ အတုမရှိတဲ့ လက်နက်၀ိဇ္ဇာ ဧက ရာဇ် တပါးဖြစ်လာကာ မြန်မာဘုရင်တွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ မဟာမိတ်ဆွေတွေ ဖြစ်လာလိမ့်မယ်လို့ ဗျာဒိတ်ရှိတယ်လို့ဆိုကာ ရုရှားသမ္မတ ပူတင်ကို မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုခဲ့ပါတယ်။