ကပစ (၁၆) အနီး ၄ မိုင်ဝန်းကျင်အထိ AA တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး တိုက်ပွဲပြင်းထန်နေ

ကပစ (၁၆) အနီး ၄ မိုင်ဝန်းကျင်အထိ AA တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး တိုက်ပွဲပြင်းထန်နေ
မေ ၇၊ ၂၀၂၆

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်နယ်၊ ဥသျှစ်ပင်တပ်နယ်ထဲက စစ်တပ်ရဲ့ စစ်လက်နက်ကပစ္စည်းထုတ်ရေးစက်ရုံ ကပစ (၁၆) ရဲ့ ၄ မိုင်းဝန်းကျင်အနီးထိကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေ ရောက်ရှိလာပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကပစ (၁၆) ရဲ့ ပွိုင့် ၆၆၆ ကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စက်ရုံနဲ့ ပိုမိုနီးကပ်တဲ့ ပွိုင့် ၅၀၆ ကို သိမ်းပိုက်ဖို့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
“ပွိုင့် ၅၀၆နား ရောက်လာပြီ ဆိုတော့ ‌မီတာ ၆၀၀၀ (၄ မိုင်) ဝန်းကျင် အနီးထိ ကပ်လာနိုင်တဲ့ အနေအထားပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်တပ်ရဲ့ ပွိုင့် ၅၀၆ မကျရေးအတွက် မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေသလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“စစ်တပ်ဘက်လည်း အင်အားက ဖြည့်ထားတာပေါ့နော်။ ဒီနေ့မနက်ထိကိုပဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ အနေအထားကတော့ ရှိတယ်။ မြေပြင်ထိတွေ့တိုက်ပွဲကတော့ ပွိုင့် ၅၀၆ ပေါ့နော်။ ပွိုင့် ၆၆၆ ကနေ အာရက္ခတပ်တွေ ဆင်းလာတဲ့ အနေအထားမျိုး။ မြေပြင်တိုက်ပွဲလည်း ပြင်းထန်နေတဲ့ အနေအထားမျိုးပါ။ တကယ်လို့ ပွိုင့် ၅၀၆ ကိုသာ ရမယ်ဆိုရင် ကျွန်တော်တို့ မသုန်ရွာကိုရော ကပစ (၁၆) ကိုပါ ကောင်းကောင်းကြီး ချိန်းခြောက်နိုင်တဲ့ အနေအထားလို့တော့ ပြောလို့ ရပြီဗျ” လို့ ဗိုလ်ကြီးဇင်ယော်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့မှာလည်း ကပစ (၁၆)စက်ရုံကို AA နဲ့ ပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံး လက်နက်ကြီးတွေနဲ့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပြီး စက်ရုံတွင်းမှာ ပေါ်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ကပစ (၁၆) တည်ရှိရာ ပန်းတောင်းမြို့နယ်ဟာ စစ်တပ်အတွက် လက်နက်ခဲယမ်း ထုတ်လုပ်ပေးနေတဲ့ အဓိကဗဟိုချက်နယ်မြေတစ်ခု ဖြစ်သလို ဒီမြို့နယ်အတွင်းမှာတင် ကပစ စက်ရုံပေါင်း ၄ ရုံ တည်ရှိနေတာဖြစ်ပြီး စစ်အုပ်စုတပ်အတွက် လိုအပ်တဲ့ လေယာဉ်ဗုံး၊ မော်တာကျည်၊ လက်နက်ငယ်ကျည်နဲ့ ယမ်းအမျိုးမျိုးကို အဓိက ထုတ်လုပ်ဖြန့်ဖြူးပေးနေတာပဲ ဖြစ်ပါတယ်။
ထိုအထဲမှာမှ ကပစ (၁၆) စက်ရုံဟာ TNT ယမ်းအမျိုးအစား အပါအဝင် ယမ်းထုတ်လုပ်မှုအပိုင်းကို အဓိက တာဝန်ယူရသလို အခြားစစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရေးကြီးကုန်ကြမ်းတွေကိုပါ အမြောက်အမြား သိုလှောင်ထားတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
ပုံစာ – AA တပ်ဖွဲ့ဝင်များ(ပုံဟောင်း) S