ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင်နှင့်စစ်တပ်ဝန်ကြီးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားပြီး ထိုင်းက မြန်မာနိုင်ငံခြားရေးဝန်ကြီးကို သီးခြားဖိတ်ခေါ်၊ ဖိလစ်ပိုင်နှင့်အာဆီယံနိုင်ငံများက သဘောထား တုံ့ပြန်ချက်မပေးသေး
ရန်ကုန်၊ မေ ၆
ဖိလစ်ပိုင်နိုင်ငံတွင် မေလ ၇ ရက်မှ ၉ ရက်နေ့အထိ ကျင်းပရန်ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးများသို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဝန်ကြီးများ တက်ရောက်ခွင့် ပိတ်ပင်ခံထားရဆဲဖြစ်သော်လည်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီးကို သီးခြားဖိတ်ခေါ်၍ ထိတွေ့ဆက်ဆံရန် ကြိုးပမ်းနေကြောင်း ထိုင်းနိုင်ငံမှလာသော သတင်းများအရ သိရှိရသည်။
အာဆီယံအဖွဲ့ကြီးက ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ကန့်သတ်ထားခဲ့သော်လည်း၊ ယခုနှစ် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပမည့် အစည်း အဝေး၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကေဖောင်းက မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးကို သီးခြားဖိတ်ကြားရန် စီစဉ်နေခြင်းဖြစ် သည်။
အဆိုပါ မြန်မာစစ်တပ် နိုင်ငံခြားရေးဝန်ကြီးကို ဖိလစ်ပိုင်သို့ သီးခြားဖိတ်ခေါ်မှုမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရေးအတွက် ဘုံသဘောတူညီချက်တစ်ခု ရရှိရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အစီအစဉ်အရ မြန်မာနိုင်ငံခြားရေးဝန်ကြီးအား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဘေးထွက်ဆွေးနွေးပွဲတစ်ခုသို့ ဖိတ်ကြားကာ မြန်မာ့အရေး နောက်ဆုံးအခြေအနေများနှင့် စစ်ကောင်စီ၏ ရှေ့ဆက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခွင့်ပေးရန် ဖြစ်သည်။
ထိုင်းဝန်ကြီးက ထိုလုပ်ဆောင်ချက်သည် မြန်မာနိုင်ငံအား အာဆီယံနှင့် တစ်ဆင့် ချင်းစီ ပြန်လည်ထိတွေ့စေမည့် လုပ်ငန်းစဉ်ဖြစ် ကြောင်း Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
မင်းအောင်လှိုင်သည် ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် အတုအယောင် ရွေး ကောက်ပွဲအပြီးတွင် သူ့ကိုယ်သူ သမ္မတအဖြစ် ပြန်ခန့်ကာ ၎င်း၏အာဏာကို အတည်ပြုရန် ကြိုးပမ်းလျက်ရှိသည်။
ထိုင်းဝန်ကြီး ဆီဟာဆက်သည် လွန်ခဲ့သည့် နှစ်ပတ်ခန့်က နေပြည်တော်သို့ သွားရောက်ကာ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ အာဆီယံအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်ကို ပြန်လည်ပါဝင်ခွင့်ပေးရန် တွန်း အားပေးလာခြင်း ဖြစ် သည်။
သို့သော်လည်း အာဆီယံ၏ ငြိမ်းချမ်းရေးမူ ၅ ချက်မှာ လက်တွေ့တွင် ထိရောက်စွာ အကောင်အထည်ဖော် မှုမရှိဘဲ မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ဆက် လက်ပြင်းထန်နေကာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများမှာလည်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေဆဲဖြစ်သည်။
ထိုင်းနိုင်ငံ၏ ယခုအဆိုပြုချက်ကို အာဆီယံဥက္ကဋ္ဌ အိမ်ရှင် ဖိလစ်ပိုင်နှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများက မည်သို့လက်ခံ သဘောထားမည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။