■ စစ်ပွဲရပ်ရန် AA ကို တရုတ်က ဖိအားမပေးကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

■ စစ်ပွဲရပ်ရန် AA ကို တရုတ်က ဖိအားမပေးကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
Western News| မေ ၅
အာရက္ခတပ်တော် AA သည် ပလက်ဝဒေသနှင့် ရခိုင်ပြည်ထဲက မြို့ ၁၄ မြို့ စုစုပေါင်း မြို့ ၁၅ မြို့ကို အပြည့်အဝ သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို ထိန်းချုပ်ထားသည်။
ယင်းအထဲက စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် AA က စစ်ရေးဖော်ဆောင်နေသော်လည်း လက်ကျန်မြို့များကို မသိမ်းပိုက်သေးခြင်းအပေါ် ရခိုင်ပြည်သူများနှင့် တော်လှန်ရေးအသိုင်းအဝိုင်း၊ မြန်မာပြည်သူများမှ သိချင်နေကြသည်။
အထူးသဖြင့် ကျောက်ဖြူမြို့သိမ်းတိုက်ပွဲအား မဆော်သေးခြင်းအပေါ် တရုတ်အကျိုးစီးပွားရှိနေ၍ တရုတ်အစိုးရက အာရက္ခတပ်တော် AA အပေါ် ဖိအားပေးနေသည်ဟု ပြည်သူများမှ ထင်မြင်နေကြသည်။
The Diplomat သတင်းဌာနက AA သည် စစ်ပွဲရပ်တန့်ရန် တရုတ်နိုင်ငံ၏ ပြင်းထန်သော ဖိအားကို ခံနေရသလား မေးခွန်းအပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မဟုတ်ကြောင်း ငြင်းဆိုထားသည်။
“ဖိအားပေးတာ မဟုတ်ပါဘူး၊ ဒါပေမယ့် တရုတ်နိုင်ငံက တည်ငြိမ်တဲ့ မြန်မာနိုင်ငံကို မြင်တွေ့လိုပါတယ်။ တချို့လူတွေက ဒါဟာ ဖိအားပေးတာပဲလို့ ပြောကောင်းပြောနိုင်ပါတယ်။ တရုတ်နိုင်ငံဟာ သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားရမှာဖြစ်ပြီး နိုင်ငံတိုင်းလည်း အဲဒီလိုပဲ လုပ်ကြပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖြေကြားထားသည်။
အကြမ်းဖက် စစ်ကောင်စီကလည်း စစ်ပွဲနှင့် ပတ်သက်၍ အာရက္ခတပ်တော် AA နှင့် ညှိနှိုင်းလိုသော်လည်း အင်အားသုံး အပေါ်စီးမှ ဖိအားပေးမှုများကို လက်မခံကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။
“မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ဗုံးကြဲနေသရွေ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ကျနော်တို့ စူးစမ်းလေ့လာဖို့ အလွန်ခက်ခဲလိမ့်မယ်။ တပ်မတော်အစိုးရဟာ အင်အားကြီးတဲ့ အနေအထားမှ ညှိနှိုင်းလိုပေမယ့် ကျနော်တို့ဟာ အဲဒီလို ဖိအားမျိုးကို လက်လျှော့မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
အာရက္ခတပ်တော် AA အနေဖြင့် ရခိုင်ပြည်အတွင်း ကျန်ရှိနေသော မြို့များအားလုံးကို လာမည့် ၂၀၂၇ ခုနှစ် မကုန်ဆုံးမီအချိန်အတွင်းမှာ အပြီးသတ်သွားမည်ဟု မကြာသေးမီက ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပြီး အကယ်၍ ၂၀၂၇ ခုနှစ်အတွင်း မပြီးနိုင်ခဲ့ပါက မိုးအဆုံးမြေအဆုံး ချီတက် တိုက်ပွဲဝင်သွားမည်ဟု ကတိပေးထားသည်။
Ref: The Diplomat
#WesternNews #WN #အာရက္ခတပ်တော် #အကြမ်းဖက်စစ်ကောင်စီ #တရုတ်နိုင်ငံ #စစ်ပွဲ #ရခိုင်ပြည်