နွေဦးတော်လှန်ရေးတွင် နိုင်ငံရေးစိန်ခေါ်ချက်များနှင့် စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့ ကြုံတွေ့နေရသော်လည်း ဇွဲရှိရှိဖြင့် ဆက်လက် ကျော်ဖြတ်ရန် NUG ယာယီသမ္မတ တိုက်တွန်း

နွေဦးတော်လှန်ရေးတွင် နိုင်ငံရေးစိန်ခေါ်ချက်များနှင့် စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့ ကြုံတွေ့နေရသော်လည်း ဇွဲရှိရှိဖြင့် ဆက်လက် ကျော်ဖြတ်ရန် NUG ယာယီသမ္မတ တိုက်တွန်း

ရန်ကုန်၊ မေ ၅

မြန်မာနိုင်ငံ၏ စစ်အာဏာရှင် ဆန့်ကျင်နေသော နွေဦးတော်လှန်ရေးတွင် နိုင်ငံရေးစိန်ခေါ်ချက်များနှင့် စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှုတချို့ ရှိနေသော်လည်း ဇွဲနပဲရှိရှိဖြင့် ဆက်လက်ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူလူထု၏ ဝမ်းကြာတိုက်ထဲမှ မွေးဖွားလာသည့် တပ်မတော်ဖြစ် ကြောင်း၊ တော် လှန်ရေးခရီးကြမ်းထဲတွင် လက်နက်ကိုင်တော်လှန်ရေးသမိုင်း၌ မကြုံဖူးသော အောင်မြင်မှုများကို ရရှိခဲ့သော်လည်း ယနေ့အချိန်အထိ ခရီးဆုံးပန်းတိုင်သို့ မရောက်သေးသည်ကို သတိပြုရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့် အရှိပကတိများကို လျစ်လျူမရှုရန်နှင့် ရည်မှန်းချက်ပန်းတိုင်ကိုလည်း မျက်ခြေမပြတ်ဘဲ ဇွဲရှိရှိ ထပ်မံကျော်ဖြတ်ကြရန် အထူးလို အပ်ကြောင်း ၎င်းက တိုက်တွန်းသည်။

” လက်ရှိ အချိန်မှာ၊ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အမြား ရှိနေသလို၊ စစ်ရေးအရ လက် လွှတ်ဆုံးရှုံးရမှု တချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေကြရပါတယ်။ တော်လှန်ရေးရဲ့ သဘောဟာ အနိမ့်အမြင့် – အတက်အကျတွေ ရှိတတ်သလို၊ ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်း ဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်ကြောင်း ပြောကြားလိုပါတယ်” ဟု ယာယီသမ္မတက ထည့်သွင်းပြောကြားသည်။

တော်လှန်ရေးတွင်ပါဝင်နေသော PDF ရဲဘော်များသည် တစ်ဖက်တွင် တော်လှန်ရေးသမားများဖြစ်သကဲ့သို့ တော်လှန်ရေးအလွန်ကာလများတွင်လည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် “တိုင်းပြုပြည်ပြုသမားများ” အဖြစ် ဆက်လက်ပါဝင်ကြရမည်ဖြစ်ကြောင်း ၊ ထို့ကြောင့် ရဲဘော်များအနေဖြင့် အသိဉာဏ်ပညာကိုယ်ခံအားကို ဖြည့်တင်းရင်း ပြည်သူအားကိုးထိုက်သော၊ စည်းကမ်းသေဝပ်သော ပြည်သူ့တပ်မတော်တစ်ရပ်အဖြစ် ပါဝင်တည်ဆောက်ကြရန် လိုအပ်သည်ဟု ယာယီသမ္မတက ရှင်းပြသည်။

“ပြည်သူ့ကာကွယ် ရေးတပ်မတော်သားတွေဟာ တစ်ဖက်မှာ တော်လှန်ရေးသမားတွေဖြစ်သလို၊ တစ်ဖက်မှာလည်း ပြည်သူ့အရေးတော်ပုံတပ်သားတွေအဖြစ် တာဝန်ယူထားကြရပါတယ်။ တော်လှန်ရေးအလွန်ကာလ တွေ ရောက်လာရင်လည်း၊ “တိုင်းပြုပြည်ပြုသမားတွေအဖြစ်” – ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ဆက်လက်ပါဝင်ကြရအုံးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် အားလုံးဟာ တော် လှန်ရေးကာလအတွင်းမှာ၊ မိမိတို့ရဲ့ အသိဉာဏ်ပညာကိုယ်ခံအားကို ဖြည့်တင်းရင်း ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြဖို့ လေးနက်စွာ တိုက်တွန်းလိုပါတယ်။ နွေဦးတော်လှန်ရေး အရေးတော်ပုံတပ်သား အားလုံးဟာ ပြည်သူအားကိုးထိုက်တဲ့သူတွေဖြစ်ရမှာဖြစ်သလို / လူထုယုံကြည်ထိုက်တဲ့သူတွေလည်း ဖြစ်ဖို့ လိုပါတယ်။ ဒါ့အပြင် စည်းကမ်းသေဝပ်ပြီး၊ စနစ်ကျတဲ့ ပြည်သူ့တပ်မတော်တစ်ရပ်ကိုလည်း ပါဝင် တည်ဆောက်ကြဖို့ လိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက်ပြောဆိုသည်။

NUG အစိုးရအနေဖြင့်လည်း ပြည်သူ့အစိုးရပီသစွာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်အတူ စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို ပြတ်ပြတ်သားသား ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ကတိပြု ပြောဆိုသွားသည်။

စစ်အာဏာရှင်ကို တော်လှန်နေသော ၅ နှစ်တာကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှာ တစ်ပြည်လုံး အတိုင်းအတာဖြင့် တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ ၁ ခု၊ တပ် ရင်းပေါင်း ၃၆၀ ရင်းကို တစ်ခုတည်းသော ကွပ်ကဲမှုအောက်တွင် ထားရှိဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။