■ ချင်းမိုင်ခရိုင်တွင် မြန်မာလုပ်သား ၄ ဦးသည် လုပ်ခလစာ မရသောကြောင့် အလုပ်ရှင်ကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ

■ ချင်းမိုင်ခရိုင်တွင် မြန်မာလုပ်သား ၄ ဦးသည် လုပ်ခလစာ မရသောကြောင့် အလုပ်ရှင်ကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ
Western News| မေ ၄

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ့်ရင်းမြို့နယ်တွင် လုပ်ခလစာမပေးသော အလုပ်ရှင်အမျိုးသားကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာအလုပ်သမား ၄ ဦးက ထိုင်းရဲထံ ဝန်ခံထားကြောင်း သိရသည်။
ထိုင်းတွင် နေထိုင်သော ရှမ်းနွယ်ဖွား အသက် ၅၀ အရွယ် ဆွန်ချိုင်းကို မေလ ၁ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် မြန်မာအလုပ်သမား ၄ ဦးက သတ်ဖြတ်ခဲ့ကြောင်း ဆိုသည်။
ဆွန်ချိုင်းဆိုသူ အလုပ်ရှင်မှာ အိပ်နေစဉ် ဓားဖြင့် ထိုးသတ်ခံခဲ့ရကြောင်း၊ အလုပ်သမား ၄ ဦးမှာ နှစ်ဦးက စောင့်ကြည့်ပြီး ကျန်နှစ်ဦးက ဓားနှင့်ထိုးသတ်မှုကို ကျူးလွန်ခဲ့ကြောင်း သိရသည်။
၎င်းတို့ ၄ ဦးစလုံးမှာ ချင်းရိုင်ကနေ မြန်မာဘက်သို့ နယ်စပ်ဖြတ်ကူးရန် စီစဉ်နေအတွင်း CCTV မှတ်တမ်းများကို ခြေရာခံပြီးနောက် မေလ ၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၄ ဦးကလည်း အလုပ်ရှင်မှာ လုပ်ခလစာ မပေးသောကြောင့် လူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသည်ဟု ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောဆိုထားကြသည်။
လက်ရှိတွင် အဆိုပါ မြန်မာအလုပ်သမား ၄ ဦးကို ချင်းမိုင်ခရိုင် မယ့်ရင်းမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူနိုင်ရေး အမှုဖွင့်လှစ် ဆောင်ရွက်နေကြောင်း သိရသည်။
အလုပ်သမားများ၏ ထွက်ဆိုချက်အရ အလုပ်ရှင်မှာ တစ်ခါတစ်ရံ လုပ်ခလစာ မပေးကြောင်း၊ တစ်ခါတစ်ရံတွင် လုပ်ခလစာ ပေးရန် ငြင်းဆန်မှုရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။
Ref: The Thaiger (ထိုင်းမီဒီယာ)