သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် စစ်တပ်၏ဟန်ပြ ဖြေလျှော့မှုများမှာ နိုင်ငံရေးထောင်ချောက်သာဖြစ်၍ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်ကြရန် PNFC သတိပေး
ရန်ကုန်၊ မေ ၄
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်သို့ ပြောင်းရွှေ့ခြင်းတို့မှာ စစ်ကောင်စီ၏ ဟန်ပြဖြေလျှော့ထားသည့် နိုင်ငံ ရေးထောင်ချောက်တစ်ခုသာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က သတိပေးလိုက်သည်။
အကြမ်းဖက်စစ်တပ်က ဧပြီလ ၁၇ ရက်နေ့တွင် သမ္မတကြီးဦးဝင်းမြင့်ကို နေအိမ်သို့ ပြန်ပို့ခြင်းနှင့် ဧပြီလ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်သို့ ပြောင်းရွှေ့ခြင်းတို့မှာ စစ်တပ်ထံတွင် အမှန်တကယ် စိတ်စေတနာရှိ၍ မဟုတ်ဘဲ ဟန်ပြ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း PNFC ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် အပြောင်းပြတာဖြစ်တယ်၊ သမ္မတကြီးဦးဝင်းမြင့်ကိုလည်း အလွှတ်ပြတာဖြစ်တယ်၊ အမှန်တကယ်လွတ်မြောက်တာ မဟုတ်ဘူး။ စစ်ကောင်စီရဲ့ စောင့်ကြည့်မှု၊ စစ်ကောင်စီရဲ့ အစီအမံတွေ အောက်မှာပဲ ရှိနေရတာဖြစ်တယ်” ဟု ခွန်ဝေထူးက ဆိုသည်။
စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် အစိုးရကို နိုင်ငံတကာနှင့် အာဆီယံ၏ အသိအမှတ်ပြုမှုရရှိရန်နှင့် နိုင်ငံရေးအရ တရားဝင်မှုရရှိရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း PNFC က ထောက်ပြထားသည်။
ခွန်ဝေထူးက “ဒါဟာ နိုင်ငံရေးထောင်ချောက်ဖြစ်တယ်။ စစ်ကောင်စီ အာဏာတည်မြဲရေးအတွက် ပြုလုပ်နေတဲ့ အတုအယောင်ငြိမ်းချမ်းရေးကို အသိအမှတ်ပြုမှုရလာအောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ထောင်ချောက်ဆင်ပြီးတော့ သူတို့ အတုအယောင်ငြိမ်းချမ်းရေးကနေတစ်ဆင့် စစ်အာဏာကို တည်ဆောက်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ယခုလုပ်ရပ်သည် ပြည်သူများထံသို့ “သမ္မတကြီး လွတ်မြောက်သွားပြီ” ဟူသော လွဲမှားသည့် သတင်းစကား (Message) များ ရောက်ရှိစေရန် ရည်ရွယ်သည့် ဝါဒဖြန့်မှုတစ်ခုသာဖြစ်ကြောင်း၊ လက်တွေ့တွင် လုံးဝလွတ်မြောက်သွားခြင်း မဟုတ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လှည့်ဖြားမှုများကို သတိပြုရန်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လွတ်မြောက်ရေးနှင့် တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြရန် PNFC က အလေးအနက် တိုက်တွန်းသည်။