ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ဖမ်းဆီးထားရာမှ တည်နေရာမဖော်ပြသော နေအိမ်အချုပ်ပြောင်းလဲမှု စစ်တပ်၏ နိုင်ငံရေးလှည့်စားချက်သာဖြစ်ဟု NLD သတိပေး
ရန်ကုန်၊ မေ ၃
မြန်မာပြည်သူလူထု၏ ရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့်ပေးခြင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းတို့သည် နိုင်ငံရေးအရ အပြုသဘောဆောင်သည့် လမ်းစမဟုတ်ဘဲ စစ်တပ်၏ လှည့်စားချက်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။
NLD ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့်ပေးခဲ့ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၃၀ ရက်တွင် လျှို့ဝှက်နေရာမှ တည်နေရာမဖော်ပြသော နေရာသို့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ထားကြောင်း စစ်တပ်လက်အောက်ခံ သတင်းဌာနများမှ ထုတ်ပြန်ခြင်းတို့သည် နိုင်ငံရေးအရ လှည့်စားချက်သာဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်၏ ဥပဒေချိုးဖောက် အကြမ်းဖက် အာဏာလုယူမှုကြောင့် ပြည်တွင်းနိုင်ငံရေးအခြေ အနေမှသည် ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့် လူမှုစီးပွားများအထိ ထိခိုက်မှုများ ကျယ်ပြန့်လာနေကြောင်း၊ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများကို ထောင်ဒဏ်လျှော့ပေါ့ခြင်းနှင့် နေရာရွှေ့ပြောင်းပေးခြင်းများသည် အသွင်ကူးပြောင်းရေးနှင့် ပြန်လည်ကုစားရေးအတွက် လုံလောက်သော သက်သေပြချက်မဟုတ်သကဲ့သို့ ထိုသို့လုပ်ဆောင်လာမည်ဟု ယူဆနိုင်သော နိုင်ငံရေးလုပ်ငန်းစဉ် ခြေလှမ်းအဖြစ် မှတ်ယူရန်လည်း လုံးဝမလုံလောက်ကြောင်း NLD က ထောက်ပြထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်းတို့ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံရေးအရ တရားဝင်မှုရယူလိုသော ဟန်ပြလုပ်ရပ်များသာ ဖြစ်သဖြင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆောလျှင်စွာ ထိတွေ့ဆက်ဆံမှုများပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံကို ပိုမိုရှည်လျားသော နက်ရှိုင်းသည့် ပဋိပက္ခနွံတွင်းသို့ တွန်းပို့ခြင်းမပြုမိရန် ရှောင်ရှားသင့်ကြောင်း အကြံပြုထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၂ ခုနှစ် နိုဗယ်ဆုချီးမြှင့်ခြင်း အခမ်းအနားပြောကြားချက်ဖြစ်သော “နိုင်ငံရေးအကျဉ်းသားတစ်ဦး ရှိနေသည်ဆိုခြင်းကပင် များလွန်းလှသည်” ဟူသည့်အတိုင်း လက်ရှိတွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်သဖြင့် မြန်မာနိုင်ငံသည် စစ်မှန်လွတ်လပ်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဦးတည်နေသည်ဟု ယူဆရန် ဝေးကွာလွန်းနေကြောင်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစဉ်တစိုက် တောင်းဆိုပေးနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အပါအဝင် ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ နော်ဝေ၊ ဂျာမနီ အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနိုင်ငံများဖြစ်သော စင်္ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အရှေ့တီမောနှင့် သြစတေးလျ၊ နယူးဇီလန်၊ ဂျပန်နိုင်ငံတို့ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို ကာလရှည်ကြာ မိတ်ဆွေတစ်ဦးအဖြစ် ဖော်ပြပေးသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သဘောထားအပေါ်ကိုလည်း ကျေးဇူးတင် အသိအမှတ်ပြုထားသည်။
လူမှုကွန်ရက်နှင့် မြေပြင်တွင် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြုတောင်းဆိုနေကြသော ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများကို ကျေးဇူးတင်ရှိပြီး လုံးဝလွတ်မြောက်သည်အထိ ဆက်လက်တောင်းဆို တိုက်ပွဲဝင်ပေးရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော သို့မဟုတ် ပြုလုပ်ရန် ကြံစည်နေသည့် မိတ်ဆွေနိုင်ငံများအနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမှ ပြည်သူက ရွေးချယ်ထားသော အစိုးရများကသာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဥပဒေနှင့်အညီ အပြည့်အဝ အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး ဘုံအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် အာမခံချက်ရှိကြောင်း သတိပြုကြရန် NLD က အလေးအနက် အကြံပြုထားသည်။