ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့များသို့ စစ်တပ်က ဦးတည်စစ်ကြောင်းထိုးမည့် အခြေအနေများရှိလာပြီး မင်းတပ်နှင့် ကန်ပက်လက်အနီးသို့ ဦးတည်ဖွယ်ရှိသော စစ်တပ်၏ စစ်ရေး ပြင်ဆင်မှုများရှိလာနေ

ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့များသို့ စစ်တပ်က ဦးတည်စစ်ကြောင်းထိုးမည့် အခြေအနေများရှိလာပြီး မင်းတပ်နှင့် ကန်ပက်လက်အနီးသို့ ဦးတည်ဖွယ်ရှိသော စစ်တပ်၏ စစ်ရေး ပြင်ဆင်မှုများရှိလာနေ
ရန်ကုန်၊ ဧပြီ ၂၈
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်၊ ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် အခြားမြို့များကိုပါ ထပ်မံစစ်ကြောင်းထိုး သိမ်းပိုက်ရန် စစ်ရေးပြင်ဆင်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသော ချင်း-ရခိုင်-မကွေး ကူးသန်း ရောင်းဝယ်ရေး လမ်းမကြီးပေါ်ရှိ အချက်အချာကျသော ကံကြီးကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၅ ရက်နေ့မှစတင်ကာ ဝင်ရောက်စီးနင်းပြီး တပ်ဖြန့်နေရာယူလာခြင်းဖြစ်ပြီး ယင်းစစ်တပ်စစ်ကြောင်းတွင် စစ်တပ်အင်အား ၁၅၀ ထက်မနည်းပါဝင်ကြောင်း သိရှိရသည်။
ကံကြီးကျေးရွာသည် ပခုက္ကူ-ကျောက်ထု-မင်းတပ် လမ်းမကြီးပေါ်တွင် တည်ရှိပြီး၊ စစ်ကောင်စီတပ်က လမ်းဆုံ၊ လမ်းခွများနှင့် စာသင်ကျောင်း၊ တံတားအနီးတို့တွင် နေရာယူကာ အထိုင်ချတည်ဆောက်ရန် ကြိုးပမ်းနေသဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာလျက်ရှိကြောင်း သိရှိရသည်။
“ကံကြီးမှာ စစ်တပ်က တပ်ဖြန့်လာတာမှန်တယ်။ ကံကြီးက အချက်အချာကျတဲ့ နေရာပဲ။ မင်းတပ်နဲ့ ကန်ပက် လက်အတွက် စစ်ရေးအရ စိုးရိမ်စရာရှိတယ်။ တစ်ပြိုင်နက်တည်းများ ဝင်လာမလား ဒါတော့ စိုးရိမ်ရတယ်။ စစ်ရေးအရတော့ အမြဲ ပြင်ဆင်ရမယ့် အခြေအနေရှိပါတယ်။ သတိမပြတ်ထားရမယ့် အခြေအနေ” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်တပ်က ဧပြီလ ၂၅ ရက်နေ့တွင် ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် မင်းတပ်နှင့် ကန်ပက်လက်ဒေသများသို့ ဦးတည်ကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာခြင်းဖြစ်ပြီး ရခိုင်ပြည်၊ချင်းနှင့်မကွေးဒေသတိုင်းတို့ ဆက်စပ်နေသော လမ်းပိုင်းများကို စတင်ထိန်းချုပ်ရန် ကြိုးစားလာသည်ကို တွေ့ရကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
“ထိုးစစ် မစခင် ထောက်ပို့လမ်းကြောင်းတွေနဲ့ သွားလာရေး လမ်းကြောင်းတွေကို သူတို့ စဖြတ်ဖို့ ကြိုးစားလာတာလို့ သုံးသပ်တယ်။ ရခိုင်ကို ပြန်ရဖို့ မကွေးနဲ့ ချင်းပြည်နယ်ကို စိုးမိုးနိုင်ဖို့က အရမ်းအခရာကျတယ်။ ဒါကြောင့် ချင်းပြည်ဘက်မှာ မြို့တွေ ရလာရင် ရခိုင်ဘက်ကိုလည်း ပလက်၀ဘက်က တဖြည်းဖြည်း စစ်ထိုးမလား၊ ဒါလည်း သုံး သပ်တာပါ။ ဒီလောက်ကြီးတော့ မြန်မြန်ဆန်ဆန် သူတို့ဘက်က လုပ်နိုင်မှာမဟုတ်ပေမယ့် သူတို့ စစ်ရေး ရည် မှန်း ချက်ကို သုံးသပ်ကြည့်တာ။ ကိုယ့် တော်လှန်ရေးဘက်ကလည်း အခုကတည်းက အများကြီး ပြင်ဆင်ရမယ်လို့ မြင်တယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
လတ်တလော စစ်ရေးအခြေအနေအရ ကြန်တော – ကံကြီး – ရေရှင် ကားလမ်းတစ်လျှောက် ပြည်သူများ လုံးဝဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက အရေးပေါ် သတိပေးထားပြီး စစ်တပ်က လုံခြုံရေးတင်းတင်းကျပ်ကျပ်ဖြင့် ပြည်သူများကို စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။