တရုတ်နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးများ မကြာမီ ပြန်လည်စတင်မည်ဖြစ်သော်လည်း ဒေါ်လာသုံးစွဲရမည့် သွင်း ကုန်တင်သွင်းမှုများကို ခွင့်မပြုဘဲ ပို့ကုန်တင်ပို့မှုများကိုသာ အဓိက ဦးစားပေးမည်၊ သွင်းကုန် လိုင်စင်တစ်စောင်လျှင် ငွေကျပ်သိန်း ၂၅၀၀ အထိ လာဘ်ပေးလာဘ်ယူ ဈေးပေါက်နေ
ရန်ကုန်၊ ဧပြီ ၂၇
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာမီ တရုတ်နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဖြစ်သော်လည်း ဒေါ်လာသုံးစွဲရမည့် သွင်းကုန်တင်သွင်းမှုများကို ခွင့်မပြု ၊ အားမပေးဘဲ ပို့ကုန်တင်ပို့မှုများကိုသာ အဓိက ဦးစားပေးမည်ဖြစ်ကြောင်း တရားဝင်ညွှန်ကြားချက် ထုတ်ပြန်ထားသည်ဟု နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောကြားသည်။
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် လာမည့်ရက်အနည်းငယ်အတွင်း ထိုင်းနယ်စပ်ကုန်သွယ်ရေးနှင့် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို တစ်ပြိုင်နက်တည်း စတင်မည်ဖြစ်သော်လည်း ပို့ကုန်များ တင်ပို့ရေးမူဝါဒဖြင့်သာ ကုန်သွယ်ရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ သွင်းကုန်များ တင်သွင်းမှုကို အထူးစိစစ်လုပ်ဆောင်ရန်နှင့် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချရန် လမ်းညွှန်ချက်များ ပေးထားကြောင်း သိရှိရသည်။
ယခု ဧပြီလကုန်ပိုင်းနှင့် မေလအတွင်းတွင် ထိုင်းနှင့် တရုတ် နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဖြစ်သော်လည်း ယင်းသို့ ပြန်လည်စတင်ခြင်းမှာ ပို့ကုန်ဦးစားပေးမူဝါဒကိုသာ အဓိကထားသွားမည်ဖြစ်ကြောင်း၊ သွင်းကုန်တင်သွင်းမှုကို အထူးစိစစ်ကြပ်မတ် ဆောင်ရွက်ရန် ညွှန်ကြားထားသဖြင့် သွင်းကုန်လိုင်စင်များကို အထူးကြပ်မတ်၍ ချပေးမည့် အခြေအနေဖြစ်ကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ခေါင်းဆောင်၏ ပို့ကုန်ဦးစားပေးမူဝါဒကြောင့် သွင်းကုန်လိုင်စင် ချထားပေးမှုများကို အထူးတင်းကျပ်ထားရာတွင် နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် သောင်းနိုင်နှင့် ဝင်းလွင်တို့က ရနောင်းဆိပ်ကမ်းမှ သွင်းကုန်သင်္ဘောတစ်စီးလျှင် ငွေကျပ်သိန်း ၂၅၀၀ ပေးမှသာ သွင်းကုန်လိုင်စင်များ ချထားပေးကြောင်း ကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်က ဧပြီလ ၂၁ ရက်နေ့တွင် ဒုတိယသမ္မတ ညိုစော ဦးဆောင်မည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းလိုက်ပြီး ယင်းကော်မတီမှာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ကော်မတီဖွဲ့စည်းသည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းကော်မတီတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်လာကာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။
ကော်မတီအနေဖြင့် နိုင်ငံအတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သော စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သော အသုံး အဆောင်များနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
“သွင်းကုန်တွေကိုတော့ ဆက်ပြီး တင်းကျပ်မှာဆိုတော့ ဆေးနဲ့ ဆေးဝါးပစ္စည်း၊ ပြည်ပက လူသုံးကုန်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေ၊ သံတွေကတော့ စျေးတွေ ဆက်ပြီး ခေါင်ခိုက်ဦးမှာ။ နိုင်ငံခြားငွေစျေးကတော့ သူတို့ ဆက်ထိန်းမှာဆိုတော့ ဒေါ်လာစျေးက အရမ်းကြီးတက်လာမှာတော့မဟုတ်ဘူး” ဟု UMFCCI မှ စီးပွားရေးသမား သုံးသပ်ပြောဆိုသည်။
အသွင်ပြောင်း မင်းအောင်လှိုင်က ဖွဲ့စည်းထားသောနိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ပြည်သူအများ စားဝတ်နေရေးအတွက် လိုအပ်သော စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အစရှိသည်တို့ကို ဝယ်ယူတင်သွင်းရာတွင် လိုအပ်သော နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုသွားမည်ဟုပြောဆိုသော်လည်း လက်တွေ့တွင် ခွင့်ပြုပေးမည်မဟုတ်ဟု UMFCCI က စီးပွားရေးသမားက ရှင်းပြသည်။
အခြားတစ်ဖက်တွင်လည်း ပြည်ပသို့ သွားရောက်ဆေးကုသခြင်း၊ ပညာရေးကိစ္စရပ်များအတွက် သွားရောက်ခြင်းနှင့် ဘာသာရေးကိစ္စရပ်များအတွက် သွားရောက်ခြင်း စသည်တို့အတွက် နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုပေးခြင်း၊ အထွေထွေဆိုင်ရာပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ ချေးငွေနှင့် အတိုးများ ပြန်လည်ပေးဆပ်ခြင်း၊ ဝန်ဆောင်ခများ ပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်း စသည့်ကိစ္စရပ်များတွင် အသုံးပြုရန်လိုအပ်သော နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုသွားမည်ဟု ယင်းကော်မတီ ဖွဲ့စည်းကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
ယင်းအပြင် လူမှုအသုံးအဆောင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအတွက် မဖြစ်မနေ တင်သွင်းရန် လိုအပ်မှုအပေါ် နိုင်ငံခြားသုံးငွေ စိစစ်ခွင့်ပြုပေးခြင်းနှင့် နိုင်ငံအတွင်းရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန် ထုတ် လုပ်မှုလုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေ လည်ပတ်မှုဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။