ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ် စစ်အုပ်စုလက်ထဲ ပြန်လည်ကျရောက်
ပါခွီး
(မဇ္ဈိမ) ။ ။







ချင်းပြည်နယ် ၊ ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်ကို စစ်အုပ်စုတပ်က လပေါင်းများစွာကြာ အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ်ဆင်ပြီး၊ လေကြောင်းကပါ အဆမတန်တိုက်ခိုက်ပြီးနောက် ယနေ့ (ဧပြီလ ၂၅ ရက်) နံနက် ၃ နာရီတွင် ပြန်လည်သိမ်းပိုက်သွားနိုင်ကြောင်း ချင်းစစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
“ဒီမနက်မှာ သူတို့ မြို့နဲ့ လေဆိပ်ကို ပြန်ထိန်းချုပ်သွားပြီဆိုတာအတည်ပြုပါတယ်” ဟု ချင်းစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
စစ်အုပ်စုတပ်က ပြည်နယ်၏ ဒုတိယမြို့တော် ဖလမ်း နှင့် မြို့၏ အနောက်ဘက် ၁၃ ကီလိုမီတာအကွာတွင် တည်ရှိသော စစ်ရေးအရ အရေးပါသည့် ဆူရ်းဘုန်လေဆိပ်ကိုပါ သိမ်းပိုက်သွားနိုင်သော်လည်း မြို့နယ်အတွင်း ချင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာလျက်ရှိနေကြောင်း သိရသည်။
ချင်းညီနောင်(CB) နှင့် မဟာမိတ်များက ဖလမ်းမြို့ကို ၂၀၂၅ခုနှစ် ဧပြီလ က တိုက်ခိုက်သိမ်းပိုက် ထားခဲ့ပြီး နောက် ခြောက်လ အကြာ အောက်တိုဘာလတွင် စစ်အုပ်စုက ဝေဟင်မြေပြင် ထိုးစစ်များ ဖြင့် ခြောက်လကျော် တိုက်ခိုက်ခဲ့ပြီး ပြန်လည်သိမ်းပိုက်သွားခြင်းဖြစ်သည်။
ဖလမ်းမြို့ကို တိုက်ခိုက်ရန် ကလေး – သိုင်းငင်း ၊ ကလေး – ဝေဘူလတို့မှတဆင့် အင်အား ၁,၀၀၀ခန့် ဖြင့် စစ်ကြောင်းထိုးလာခဲ့ပြီး တဖြည်းဖြည်း ခြေကုပ်ယူရှေ့တိုးကာ မြို့ကို ပြန်လည်ထိန်းချုပ်သွား နိုင်ခြင်းဖြစ်သည်။
ဖလမ်းမြို့နယ်အတွင်းရှိ ဆူရ်းဘုန်လေဆိပ်ကို စစ်အုပ်စုတပ်ပြန်လည်ထိန်းချုပ်သွားနိုင်ခြင်းသည် ချင်းတော်လှန်ရေးအတွက် နစ်နာမှုကြီးကြောင်း ချင်းတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။
“အဲဒီလေဆိပ်ကနေတဆင့် လက်နက်ခဲယမ်းအင်အားဖြည့်ပြီး တခြားဒေသတွေကို ဆက်ထိုးလာ မယ်လို့ ယူဆရတယ် ၊ သူတို့က လေကြောင်းကို အခုထက်ပိုသုံးနိုင်သွားတာ အားသာချက်တခုဖြစ် သွားတာပေါ့” ဟု ၎င်းကဆိုသည်။
စစ်ရေးသတင်းရင်းမြစ်များ၏အဆိုအရ ဖလမ်းတိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်က ၃၀၀ကျော်သေဆုံးပြီး ၁၀၀ကျော်ထွက်ပြေးကာ ဒဏ်ရာရရှိသူများပြားခဲ့ပြီး၊ ချင်းတပ်များဘက်က ၅၀ကျော်ကျဆုံး ၊ ၁၀၀ခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် ချင်းပြည်ကောင်စီ(CC) နှင့် ချင်းညီနောင်(CB) ဟူသော အင်အားစုနှစ်ရပ် ရှိနေသော်လည်း ဖလမ်းမြို့တိုက်ပွဲတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ချင်းပြည်နယ်တွင် မြို့နယ် ကိုးမြို့နယ်အနက် ဟားခါး ၊ တီးတိန်မြို့အပြင် ဖလမ်းမြို့ကို စစ်အုပ်စုတပ် က ထိန်းချုပ်ထားပြီး မင်းတပ်၊ ကန်ပက်လက် ၊ မတူပီ ၊ ပလက်ဝ ၊ တွန်းဇံ ကို တော်လှန်ရေးတပ်က များက ထိန်းချုပ်ထားကာ ထန်တလန်ကိုမူ နှစ်ဖက်တပ်များက အခြေစိုက်တပ်စွဲထားသည်။
စာတည်း။ ။ နောင်နောင်
ဓါတ်ပုံ – ဖလမ်းမြို့နယ် ဆူရ်းဘုန်လေဆိပ်ကို ချင်းညီနောင်တပ်ဖွဲ့သိမ်းပိုက်ခဲ့စဥ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်အုပ်စုတပ်က အောက်တိုဘာလကုန်ပိုင်းမှစ၍ ထိုးစစ်ဆင်လာပြီး လေကြောင်းအဆမတန်အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် ဧပြီလ ၂၅ရက်နေ့တွင် မြို့နှင့် စစ်ရေးအရ အရေးပါသည့် ဆူရ်းဘုန်လေဆိပ်ကို ပြန်လည်ထိန်းချုပ်သွားသည်။
ဖလမ်းမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ချင်းကာကွယ်ရေးတပ်တွေကအတည်ပြု
ဧပြီလ ၂၅ ရက်။
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ မြေပြင်၊ ဝေဟင်ကနေ အသည်းအသန် ထိုးစစ်ဆင်ခဲ့ပြီးနောက် ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အတည်ပြုပါတယ်။
Chinland Council / ချင်းပြည်အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ Nai John Kim က “လေယာဉ်ကွင်းနဲ့ တပ်ကုန်းကိုရပြီ အလုံးစုံရတဲ့ သဘောပါ၊ အနီးအနားမှာတော့ တိုက်ပွဲတော့ ဆက်ရှိနေသေးတယ် အားလုံးပြန်ရတဲ့ အနေအထားလို့ပြောလို့ရပါတယ်” လို့ပြောပါတယ်။
စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီဖြစ်တဲ့ ဖလမ်းမြို့က ဓာတ်ပုံတွေကိုလည်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်တွေမှာ ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ ဖော်ပြကြတာလည်းတွေ့ရပါတယ်။
ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုက စစ်ကြောင်း ၂ ခုခွဲပြီး ဗားရ်တံတားဘက်ကနေ ထိုးစစ် ၁ ကြောင်း နဲ့ ဆူရ်ဘုန်လေဆိပ်ဘက်ကို ထိုးစစ်ဆင်နေတဲ့ ၁ ကြောင်း စုစုပေါင်း စစ်ကြောင်း (၂)ကြောင်းနဲ့ ဧပြီလ ၁၉ ရက်နေ့ကစလို့ အင်အားဖြန့်ပြီး မြေပြင် ၊ ဝေဟင် ထိုးစစ်အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ လောက်ကနေ စတင်ပြီး ကလေး – ဝေဘူလ ဘက်ကနေ စစ်ကြောင်းတစ်ကြောင်း၊ ကလေး – သိုင်းငင်းဘက်ကနေ စစ်ကြောင်းတစ်ကြောင်း ထိုးလာခဲ့တာဖြစ်ပြီး ဖလမ်းမြို့နဲ့ ၁၃ မိုင်၊ ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာတွေမှာ ခြေကုတ်ယူပြီးနောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလလောက်မှာ သိုင်းငင်းဘက်ကနေ အင်အားအလုံးအရင်းနဲ့ ထပ်မံပြီး အင်အားဖြန့် ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ချင်းလက်နက်ကိုင် ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။
ဖလမ်းမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၅ ဧပြီလ ၇ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် ဖလမ်းမြို့ကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF ) က ထိန်းချုပ်ခဲ့တာလည်း ဖြစ်ပါတယ်။