၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်အစိုးရဟာ ဥပဒေအမျိုးမျိုး ထုတ်ပြန်ပြီး ပြည်သူလူထုကို ဖိနှိပ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဥပဒေဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ထက် စစ်အာဏာရှင်စနစ် တည်မြဲစေဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့ လက်နက်တခု ဖြစ်နေပါတယ်။
စစ်အစိုးရဟာ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေသစ် (Passport Law) ကို မတ်လ ၁၇ ရက်နေ့က ထပ်မံပြဋ္ဌာန်းခဲ့ပါတယ်။ စစ်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ ဒီဥပဒေမှာ ဘယ်လိုအချက်တွေ ပါသလဲ၊ နိုင်ငံတကာ ဥပဒေစံနှုန်းတွေနဲ့ ဘယ်လို ဆန့်ကျင်နေလဲ၊ ဘာကြောင့် မတရားဘူးလဲဆိုတာ ဒီဆောင်းပါးမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။
၁၉၂၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံကူးလက်မှတ်ဥပဒေကို စစ်အစိုးရက ဖျက်သိမ်းပြီး နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေသစ်ကို ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်ဟာ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ဖြစ်ကြောင်း အဆိုပါဥပဒေတွင် ဖော်ပြထားပေမဲ့ တကယ့်လက်တွေ့မှာတော့ အတိုက်အခံ နိုင်ငံရေးသမားများ၊ CDM ဝန်ထမ်းများ၊ စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေကြသူများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဖိနှိပ်ရန် ရည်ရွယ်ထားတယ်ဆိုတာ အောက်ဖော်ပြပါ ဥပဒေပြဋ္ဌာန်းချက်တွေကို ကြည့်ရင် အထင်အရှား တွေ့နိုင်ပါတယ်။
နိုင်ငံကူးလက်မှတ်ဥပဒေ ပုဒ်မ (၂၉) အပိုဒ်ခွဲ (င)၊ (စ) နှင့် (ဆ) အရ သက်ဆိုင်ရာဌာနက နိုင်ငံကူးလက်မှတ် ထုတ်မပေးရန် တင်ပြထားသူများ၊ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဖျက်ဆီးနိုင်သည်ဟု ယူဆရသူများနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁ (၁) အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုထားပြီး သတ်မှတ်ကာလ မပြည့်သေးသူများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ငြင်းဆိုနိုင်ကြောင်း ဖော်ပြထားပါတယ်။
အပိုဒ်ခွဲ (င) ဟာ သက်ဆိုင်ရာဌာနက ပို့ထားတဲ့ Blacklist စာရင်းမှာ ထည့်ထားတဲ့ CDM ဝန်ထမ်းတွေကို နိုင်ငံကူးလက်မှတ် ထုတ်မပေးဖို့ အဓိကပစ်မှတ်ထား တားမြစ်လိုက်တဲ့ ပြဋ္ဌာန်းချက် ဖြစ်ပါတယ်။
အပိုဒ်ခွဲ (စ) မှာ ဖော်ပြထားတဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွားကို ဖျက်ဆီးနိုင်သည်ဟု ယူဆရသူများ” ဆိုတဲ့ စကားရပ်ဟာ အနက်အဓိပ္ပာယ် ဝေဝါးကျယ်ပြန့်ပြီး ယေဘုယျဆန်တဲ့အတွက် အနက်အဓိပ္ပာယ် အမျိုးမျိုး ကောက်ယူနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒီစကားရပ်ထဲမှာ CDM ဝန်ထမ်းများ၊ ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူများ၊ တော်လှန်ရေးတွင် ထင်ရှားကျော်ကြားသူများ၊ ဝရမ်းထုတ်ခံရဖူးသူများနှင့် ဝရမ်းထုတ်ခံရသော်လည်း လွတ်ငြိမ်းချမ်းသာခွင့်အရ အမှုပိတ်သိမ်းလိုက်သည့် စာရင်းတွင် ပါဝင်သူတွေလည်း ဒီပြဋ္ဌာန်းချက်မှာ အကျုံးဝင်နိုင်ခြေ ရှိနေပါတယ်။
ဒီစကားရပ်ရဲ့ အနက်အဓိပ္ပာယ်က ကျယ်ပြန့်လွန်းတဲ့အတွက် ဘယ်သူမဆို ဒီပြဋ္ဌာန်းချက်အတွင်းကနေ ပတ်စပို့ ထုတ်ပေးဖို့ ငြင်းဆိုခံရနိုင်ခြေ ရှိနေသလို ဒီပုဒ်မကို အကြောင်းပြပြီး လာဘ်ပေးလာဘ်ယူမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။
အပိုဒ်ခွဲ (ဆ) အရ လွတ်ငြိမ်းနဲ့ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ပြည်ပကို ထွက်ခွာလို့မရအောင် နိုင်ငံကူးလက်မှတ်ဥပဒေနဲ့ တားမြစ်ပြီး ထပ်မံဖိနှိပ်ထားပါတယ်။ ဒါ့အပြင် ပုဒ်မ (၆) အပိုဒ်ခွဲ (ည) အရ နိုင်ငံကူးလက်မှတ် ထုတ်မပေးဖို့ အမည်ပျက်စာရင်း သွင်းနိုင်တဲ့ အခွင့်အာဏာကိုလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ကို ပေးအပ်ထားပါတယ်။ ဒီဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်လျှင် အနည်းဆုံး ထောင်ဒဏ် သုံးလကနေ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ် သုံးသိန်းကနေ ဆယ့်ငါးသိန်းအထိ ချမှတ်နိုင်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၄) အရ လူတိုင်းသည် မိမိနိုင်ငံအပါအဝင် မည်သည့်နိုင်ငံမှမဆို ထွက်ခွာပိုင်ခွင့်နှင့် မိမိနိုင်ငံသို့ ပြန်လာပိုင်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။ နိုင်ငံသားများနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် (၁၂) တွင်လည်း လူတိုင်းသည် မိမိနေထိုင်ရာ နိုင်ငံအပါအဝင် မည်သည့်နိုင်ငံမှမဆို ထွက်ခွာခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါတယ်။ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၅) မှာလည်း အလားတူ ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂) မှာလည်း နိုင်ငံရေးကို အခြေခံသော ခွဲခြားဆက်ဆံမှု မပြုလုပ်ရန် ဖော်ပြထားပါတယ်။
ဒါပေမဲ့ စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံကူးလက်မှတ်ဥပဒေသစ်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပါအဝင် အခြားနိုင်ငံတကာ သဘောတူစာချုပ်များကို ဖောက်ဖျက်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာ တွေ့ရပါတယ်။ စစ်အစိုးရရဲ့ နိုင်ငံကူးလက်မှတ်ဥပဒေအသစ်ဟာ အတိုက်အခံ နိုင်ငံရေးသမားများ၊ CDM ဝန်ထမ်းများ၊ စစ်အာဏာရှင်စနစ် တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသူများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ပစ်မှတ်ထားတယ်ဆိုတာ ထင်ရှားနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ပြည်ပထွက်ခွာတဲ့ လူငယ်အရေအတွက်ဟာ တနှစ်ပြီးတနှစ် ပိုပိုများပြားလာပါတယ်။ ပြည်တွင်းမှာ ပေါ်တာဆွဲခံရမှာ ကြောက်နေရတဲ့အပြင် စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ စိတ်ပိုင်း၊ ရုပ်ပိုင်း မလုံခြုံမှုတွေကြောင့် ပြည်ပကို ထွက်ခွာသွားတဲ့ လူဦးရေဟာ ၄ သန်းခန့် ရှိနေပါတယ်။ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာ ပြည်ပကို ထွက်ခွာတဲ့ လူဦးရေ သုံးဆကျော် တိုးမြှင့်လာခဲ့ပါတယ်။ ဒါကြောင့် စစ်အစိုးရဟာ စစ်မှုထမ်းဥပဒေအရ တပ်သားသစ် ပိုမိုစုဆောင်းနိုင်ဖို့အတွက် ပြည်ပထွက်ခွာတဲ့ လူဦးရေကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလို့လည်း ဆိုနိုင်ပါတယ်။
နိုင်ငံကူးလက်မှတ်ဥပဒေသစ်မှာ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ် (E-Passport) စနစ်ကို ကျင့်သုံးမယ့်အကြောင်း ဖော်ပြထားသလို ပတ်စပို့လျှောက်တဲ့အခါမှာ ကိုယ်ပိုင်သက်သေခံလက်မှတ် (UID) ကိုပါ တင်ပြရမယ့်အကြောင်း ဖော်ပြထားပါတယ်။ စစ်အစိုးရဟာ စမတ်ကတ် (Smart Card) မှတ်ပုံတင်အသစ် ပြုလုပ်ရာမှာ အသုံးပြုနေတဲ့ လူတယောက်ချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ဇီဝအချက်အလက် (Biometric Data) (UID) စနစ်ကို ပတ်စပို့တွေမှာပါ ထပ်မံထည့်သွင်း အသုံးပြုလာတာ ဖြစ်ပါတယ်။
နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ ဖော်ပြရမယ့် (UID) မှာ ဖြည့်သွင်းထားတဲ့ အချက်အလက်တွေနဲ့ စစ်အစိုးရရဲ့ ဗဟိုဒေတာဘေ့စ် (Central Database) ထဲက အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးပြီး စစ်အစိုးရကို ဆန့်ကျင်သူ၊ CDM ပြုလုပ်ထားသူ၊ စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်သူ ဟုတ်၊ မဟုတ် ဆိုတာတွေကို အချိန်တိုအတွင်း ခွဲခြားနိုင်စွမ်း ရှိလာမှာလည်း ဖြစ်ပါတယ်။ လက်ရှိ ပတ်စပို့တွေ သက်တမ်းကုန်ဆုံးချိန်မှာ E-Passport ပြောင်းရမှာဖြစ်တဲ့အတွက် ပြည်ပမှာ လက်ရှိနေထိုင်နေသူတွေဟာ UID အချက်အလက်တွေ ဖြည့်သွင်းဖို့ ပြည်တွင်းကို မဖြစ်မနေ ပြန်လာရမယ့် အခြေအနေ ရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ CDM ဥပဒေအရာရှိတဦးကတော့ ဒီဥပဒေက စစ်ကောင်စီကို တော်လှန်နေသူတွေကို ဖိနှိပ်ဖို့ ရည်ရွယ်ပြီး ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဖြစ်ကြောင်း၊ အကျဉ်းထောင်က လွတ်လာပေမဲ့ စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေအောက်ကနေ မလွတ်မြောက်နိုင်သေးကြောင်း၊ နိုင်ငံခြားထွက် အလုပ်လုပ်မယ့်သူတွေနဲ့ ကျောင်းတက်မယ့် လူငယ်တွေအတွက် ဒီဥပဒေက အတားအဆီး ဖြစ်စေကြောင်း၊ ပြည်ပမှာ ရောက်နေတဲ့သူတွေလည်း ပတ်စပို့သက်တမ်းတိုးတဲ့အခါ အခက်အခဲ ဖြစ်လာနိုင်ကြောင်း ပြောပြပါတယ်။
စစ်အစိုးရက ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်တွေအရ စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ်အတွင်း အကျုံးဝင်နေတဲ့ လူငယ်တွေကို အလည်အပတ် ပတ်စပို့ (PV) ကနေ အလုပ်အကိုင် ပတ်စပို့ (PJ) ကို ပြောင်းလဲခွင့်တွေ ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေဆီကနေ အခွန်ငွေရဖို့အတွက် စစ်အစိုးရက ပတ်စပို့နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်ထားပါတယ်။
လက်ရှိ ပြည်ပမှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မအေးမြနွေ (အမည်လွှဲ) ၏ ဖြေကြားချက်အရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာသံရုံးမှာ အလည်အပတ် ပတ်စပို့ (PV) သက်တမ်းသွားတိုးတဲ့အခါ အလုပ်အကိုင် ပတ်စပို့ (PJ) အဖြစ် ပြောင်းသွားကြောင်း၊ အခွန်မဆောင်ရင် ပတ်စပို့သက်တမ်းတိုးမပေးဘူးလို့ ဆိုတဲ့အတွက် အခွန်ဆောင်ခဲ့ရကြောင်း သိရပါတယ်။
ပြည်ပမှာ ကျောင်းတက်နေတဲ့ ဥပဒေကျောင်းသူတယောက်ကတော့ ဒီဥပဒေသစ်နဲ့ ပတ်သက်ပြီး E-Passport ပြောင်းရမှာ ဖြစ်တဲ့အတွက် UID မှာ ထည့်သွင်းဖို့ လိုအပ်တဲ့ မှတ်ပုံတင် Smart Card မရှိသေးသူတွေ၊ အထူးသဖြင့် ဇီဝအချက်အလက် (Biometric Data) စာရွက်မရှိသေးသူတွေဟာ E-Passport ပြောင်းဖို့အတွက် ပြည်တွင်းကို မဖြစ်မနေ ပြန်ဝင်ရမယ့် အခြေအနေ ရှိလာနိုင်ကြောင်း၊ အခုနောက်ပိုင်းမှ ပြည်ပထွက်လာသူတချို့ကတော့ မှတ်ပုံတင် Smart Card ရှိကြကြောင်း၊ ၂၀၂၃ ရှေ့ပိုင်းမှာ ပြည်ပကို ထွက်သွားတဲ့သူတွေအတွက် ပိုအခက်အခဲ ရှိလာနိုင်ကြောင်း၊ Passport သက်တမ်း ကုန်ဆုံးချိန်တွေကလည်း မတူညီတဲ့အတွက် တဦးနဲ့တဦး အခက်အခဲ မတူနိုင်ကြောင်း၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ မထွက်လာသေးတဲ့အတွက် အတိအကျပြောဖို့ ခက်ခဲကြောင်း၊ သူ ပြည်ပမထွက်ခင်ကလည်း ပတ်စပို့တွေ ပိတ်လိုက်တဲ့အတွက် ပတ်စပို့ရဖို့ ဗုဒ္ဓဂါယာ ဘုရားဖူးခရီး သွားခဲ့ရကြောင်း၊ ပိုက်ဆံသုံးနိုင်ရင်တော့ လှည့်ပတ်ပြီး အဆင်ပြေအောင် လုပ်လို့ရကြောင်း၊ တသိန်း သုံးရမယ့်နေရာမှာ ဆယ်သိန်းသုံးရပြီး၊ ဆယ်သိန်းသုံးရမယ့်နေရာမှာ သိန်းတရာ သုံးရတာမျိုး ဖြစ်လာနိုင်တဲ့အတွက် လိုအပ်တာတွေ ပြင်ဆင်ထားသင့်ကြောင်း ပြောပြပါတယ်။
စစ်အစိုးရ ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံကူးလက်မှတ်ဥပဒေဟာ နိုင်ငံတကာ ဥပဒေစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်တဲ့အချက်တွေ ပါနေတာ တွေ့ရပါတယ်။ ဒါ့အပြင် စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသူတွေကို အဓိကဖိနှိပ်ဖို့ ရည်ရွယ်ထားတဲ့ ဥပဒေလို့ ဆိုနိုင်ပါတယ်။ ဒီဥပဒေရဲ့ အကျိုးဆက်အနေနဲ့ ပြည်ပကနေ စစ်အစိုးရကို တော်လှန်နေသူတွေအပြင် ပြည်ပမှာ အလုပ်လုပ်နေသူတွေနဲ့ ကျောင်းသားတွေအတွက် နိုင်ငံကူးလက်မှတ်ဥပဒေသစ်ကြောင့် အခက်အခဲ အမျိုးမျိုး ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။