မြန်မာနိုင်ငံအခြေစိုက် တိုင်ချန်း ငွေလိမ်ဂိုဏ်း သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ချီးမြှင့်မည်ဟု ကြေညာ

မြန်မာနိုင်ငံအခြေစိုက် တိုင်ချန်း ငွေလိမ်ဂိုဏ်း သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ချီးမြှင့်မည်ဟု ကြေညာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဗျူရို (INL) က မြန်မာနိုင်ငံ ကရင်ပြည်နယ်အခြေစိုက် တိုင်ချန်း ငွေလိမ်ဂိုဏ်းနှင့် ပတ်သက်သော သတင်းအချက်အလက် ပေးနိုင်သူများအား အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ချီးမြှင့်မည်ဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထုတ်ပြန်ချက်တွင် တိုင်ချန်းအဖွဲ့ကို ကျောက်ခတ်ကာစီနို သို့မဟုတ် “ကိုစိုင်း” ဟုလည်း ခေါ်ဆိုကြောင်း ဖော်ပြထားပြီး သက်ဆိုင်ရာ တည်နေရာအချက်အလက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ ဆုကြေးအစီအစဉ်သည် အမေရိကန် တရားမျှတမှုဝန်ကြီးဌာန၏ Scam Center Strike Force ကို ပံ့ပိုးရန်အတွက် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာ ဆုကြေးအစီအစဉ် (TOCRP) အောက်မှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ တိုင်ချန်းအဖွဲ့သည် Cryptocurrency ရင်းနှီးမြှုပ်နှံမှုအမည်ဖြင့် လိမ်လည်မှုများ လုပ်ဆောင်နေပြီး အရှေ့တောင်အာရှအခြေစိုက် ရာဇဝတ်ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများကို ပိုမိုပစ်မှတ်ထားလာနေကြောင်း ဖော်ပြထားသည်။
အမေရိကန်အစိုးရ၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသားများ လိမ်လည်ခံရသည့် ငွေပမာဏမှာ ဒေါ်လာ ဘီလီယံများစွာ ရှိနိုင်ကြောင်း သိရသည်။
တိုင်ချန်းငွေလိမ်ဂိုဏ်းနှင့် ပတ်သက်၍ သတင်းပေးလိုသူများအနေဖြင့် [email protected] သို့ အီးမေးလ်ပို့နိုင်ပြီး မိမိရောက်ရှိနေသည့် နိုင်ငံရှိ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများကိုလည်း ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
#ကျိုင်းတုံဟစ်တိုင် #KengtungHitTine #MyanmarNews #KarenState #ScamNews #InternationalNews