တစ်ရက် အနည်းဆုံး ၈ နာရီ မီးဖြတ်နေသော်လည်း နာရီ ၂၀ လျှပ်စစ်မီးပေးမည်ဟု အတုအယောင် အစိုးရ လိမ်လည်ကြေညာ
23 Apr 2026 By Naing Yarzar Min / MPA
ရန်ကုန်မြို့၌ တစ်ရက်လျှင် အနည်းဆုံး ၈ နာရီ လျှပ်စစ်မီးဖြတ်နေသော်လည်း အတုအယောင်အစိုးရဘက်ကမူ နာရီ ၂၀ မီးပေးမည်ဟု လိမ်လည်ကြေညာလာကြောင်း သိရသည်။
ဧပြီ ၂၂ ရက်က ပြုလုပ်သည့် အတုအယောင်အစိုးရ၏ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အတုအယောင် လျှပ်စစ်ဝန်ကြီး ဦးကိုကိုလွင်က ယင်းသို့ လိမ်ညာပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၆ နာရီမှ ၁၈ နာရီ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၈ နာရီမှ နာရီ ၂၀ အထိ တိုးမြှင့်၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၁၄ နာရီမှ ၁၆ နာရီအစား ၁၆ နာရီမှ ၁၈ နာရီအထိ တိုးမြှင့်၍လည်းကောင်း၊ အခြားပြည်နယ်/တိုင်းဒေသကြီးများအတွက် ၁၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးနေမှုအစား အနည်းဆုံး ၁၄ နာရီ နေ့စဉ်ဖြန့်ဖြူးပေးခြင်းကို ဧပြီ ၂၂ ရက် ညနေ ၃ နာရီမှ စတင်တိုးမြှင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း” ဟု အတုအယောင်အစိုးရ လျှပ်စစ်ဝန်ကြီး ဦးကိုကိုလွင်က ပြောခြင်း ဖြစ်သည်။
ထိုသို့ လျှပ်စစ်မီးပေးနိုင်ရန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်များကို တွက်ချက်မှုများ ဆောင်ရွက်ပြီးနောက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့မှ လက်ရှိဓာတ်အားထုတ်လုပ်နေမှုအပြင် ပိုမိုရရှိလာသော သဘာဝဓာတ်ငွေ့ဖြင့် ထိရောက်မှုရှိအောင် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အစီအမံများကို ချမှတ်ဆောင်ရွက်နေခြင်းဟု အတုအယောင် လျှပ်စစ်ဝန်ကြီး၏ လိမ်ညာပြောဆိုမှုအရ သိရသည်။
အတုအယောင် လျှပ်စစ်ဝန်ကြီးက ဧပြီ ၂၂ ရက် ညနေ ၃ နာရီမှစ၍ ရန်ကုန်၌ နာရီ ၂၀ လျှပ်စစ်မီးပေးမည်ဟု ဆိုသော်လည်း ယင်းနေ့တွင် ရန်ကုန်မြို့၌ အနည်းဆုံး ၈ နာရီကြာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်နေခဲ့ကြောင်း သိရသည်။
“ဟာ ဘယ်ဝန်ကြီး ပြောတာလဲ။ တလွဲတွေဗျ။ ဒီမှာ မနက် ၉ နာရီကတည်းက ပျက်တာ နေ့လယ် ၁ နာရီလာတယ်။ ပြီးတော့ ငါးနာရီ ပြန်ပျက်တယ်။ လာတဲ့အချိန်ထဲမှာလည်း ပျက်သေးတယ်။ လူတွေကို စိတ်ဒုက္ခအပေးနိုင်ဆုံးဆုပေးရင် EPC ကကောင်တွေ အကောင်းဆုံးဆုရနိုင်တယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် ဆင်ခြေဖုံးမြို့နယ်အချို့၌ တစ်ရက်လျှင် နာရီအနည်းငယ်မျှသာ လျှပ်စစ်မီးရသည်ထိ ဆိုးဆိုးရွားရွား မီးပြတ်မှုများလည်း ရှိနေသည်ဟု သိရသည်။
“ကျမ မေးချင်တာက တစ်ရက် ၂ နာရီပဲ မီးပေးတာလားလို့ပါ။ ဘယ်ကသာ နာရီ ၂၀ မီးပေးရမှာလဲရှင် မဟုတ်ပါဘူး” ဟု တောင်ဒဂုံမြို့နယ်နေ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံး၌ လျှပ်စစ်မီးပြတ်တောက်မှုများ တစ်နှစ်ပတ်လုံး ဆိုးရွားစွာ ဖြစ်နေခဲ့ပြီး အထူးသဖြင့် နွေရာသီကာလများတွင် နာရီအနည်းငယ်သာ မီးရသည့် အခြေအနေများ ဖြစ်နေဆဲဖြစ်သည်။
အတုအယောင်အစိုးရဘက်ကမူ LNG ဖြင့် ပို့လွှတ်သည့် လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် ၉၀၀ ကျပ်နှုန်း သီးသန့်ဓာတ်အားလိုင်းဖြင့် ဓာတ်အားဖြတ်တောက်မှုမရှိဘဲ စက်မှုဇုန်များ၊ လုပ်ငန်းကြီးများသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေများနှင့် ပူပြင်းသည့် ယခုကာလများတွင် အများပြည်သူ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲခွင့်ရရှိနိုင်ရန် ရရှိနိုင်သည့် စွမ်းအင်အရင်းအမြစ်များကို စနစ်တကျ စစ်ထုတ်သုံးစွဲပြီး Power Generation ကို စီမံဆောင်ရွက်သွားမည်ဟု လိမ်လည်ကြေညာထားသည်ကိုလည်း တွေ့ရသည်။
ဓာတ်ပုံ-MPA
စာတည်း-ကိုဆန်း
#လျှပ်စစ်မီး #အတုအယောင်အစိုးရ #လိမ်လည်ကြေညာ #MPA #Naing_Yarzar_Min