ငွေထုတ်ရခက်တာကြောင့် ရွှေဆိုင်တွေက ငွေသားနဲ့သာ ရောင်းပေးသူများလာ
ဧပြီ ၂၃ – ၂၀၂၆
SN (VOM)
ဘဏ်တွေကနေ ငွေထုတ်ရ ခက်ခဲတာကြောင့် လက်ရှိ ရွှေဈေးကွက်အတွင်း ဘဏ်အကောင့်နဲ့ ရွှေရောင်းဝယ်မှု နည်းပါးပြီး ငွေသားနဲ့ဝယ်သူကိုသာ ဦးစားပေးရောင်းနေရတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
“ဘဏ်တွေက ငွေထုတ်ရခက်တော့ အခုနောက်ပိုင်း ဘဏ်အကောင့်နဲ့ ရောင်းတာက နည်းသွားတယ်။ တချို့လည်းရောင်းတယ်၊ တချို့လည်း မရောင်းကြဘူး။ ဘဏ်တွေမှာ ငွေသွားထုတ်ရင်လည်း တဘဏ်နဲ့တဘဏ် မတူဘူး၊ တရက်နဲ့ တရက် မတူဘူးပေါ့။ ကိုယ်လိုသလောက်တော့ မရကြဘူး။ အဲဒါကြောင့် ဘဏ်အကောင့်နဲ့ဆို တချို့တွေက မရောင်းကြတော့ဘူး။ အရောင်းအဝယ်ကတော့ အဝယ်လိုက်နေတယ်ဆိုတာ မဟုတ်ပါဘူး။ အရောင်းအဝယ် ပါးပါတယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
လက်ရှိမှာ ဘဏ်အများစုဟာ ဘဏ်ထဲမှာရှိတဲ့ ငွေကြေးပမာဏပေါ် မူတည်ပြီး ငွေထုတ်ပေးနေတာဖြစ်ကာ တရက်ကို ကျပ် သိန်း ၄၀ ကနေ ၅၀ အထိ ထုတ်ပေးတာရှိသလို တချို့ရက်တွေမှာတော့ ကျပ် သိန်း ၄၀၀ ကနေ ၅၀၀ အထိ ထုတ်ပေးတာရှိတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် အခု ဧပြီလကုန်မှာ ကျပ် နှစ်သောင်းတန်တွေ ထွက်လာနိုင်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေလည်း ထွက်ပေါ်နေပေမယ့် ဒီသတင်းနဲ့ပတ်သက်လို့ ရွှေဈေးကွက်အပေါ် ရိုက်ခတ်မှု မရှိဘူးလို့ သူက ပြောပါတယ်။
“အဲဒီ သတင်းတွေကတော့ မကြာမကြာ ထွက်တာပါပဲ။ ပြီးခဲ့တဲ့လကလည်း ထွက်တယ်၊ ဒီလလည်း ထွက်ပြန်ပြီ။ မကြာမကြာ ထွက်နေတော့ ရိုးနေပါပြီ။ ဈေးကွက်ကို ဘာမှ ထိခိုက်မှုမဖြစ်ပါဘူး” လို့ သူက ပြောပါတယ်။
လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးနေတဲ့အပြင် ရွှေဈေး အတက်အကျလည်း ငြိမ်နေပြီး အခေါက်ရွှေ တကျပ်သားကို ကျပ် သိန်း ၁၀၀ နဲ့ ၁၁၀ ကြားမှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“ရွှေအရောင်းအဝယ်တွေက လူတွေကလည်း စီးပွားရေး သိပ်မကောင်းကြတော့ အရောင်းအဝယ်တွေ သိပ်မဖြစ်ပါဘူး။ ဘဏ်မှာ ငွေသွင်း၊ ငွေထုတ်ရတွေလည်း ခက်နေတာဆိုတော့။ ဒါပေမယ့် ဘယ်လောက် ထုတ်ပေးမယ်ဆိုပြီး သတ်မှတ်ချက်တော့ မရှိဘူး။ နေ့တိုင်းလည်း ငွေထုတ်ပေးတယ်။ ဘဏ်မှာ ငွေရှိရင်ရှိသလို၊ များရင် များသလို၊ နည်းရင် နည်းသလို ထုတ်ပေးပါတယ်” လို့ သူက ပြောပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ဘဏ်တွေကနေ ငွေထုတ်ယူမှု ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာတာကြောင့် စပါယ်ရှယ် ဘဏ်အကောင့်တွေ ဖွင့်ပါက နေ့တိုင်း ငွေထုတ်ယူနိုင်တဲ့ စနစ်ကို ဘဏ်တွေက ပြောင်းလဲခဲ့ပေမယ့် လက်ရှိမှာ အဲဒီအကောင့်တွေကပါ ငွေထုတ်ယူမှု ခက်ခဲလာတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဘဏ်တွေမှာ ငွေထုတ်ယူမှု ကန့်သတ်လိုက်တာဟာ ဒေါ်လာ၊ ရွှေ အစရှိတဲ့နေရာတွေကို ငွေကြေးတွေ မရောက်ရှိစေဖို့ ထိန်းကျောင်းနေတာ ဖြစ်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ပြုလုပ်တဲ့ အသိပညာမြှင့်တင်ရေး ရှင်းလင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အမေရိကန်ဒေါ်လာဈေးဟာ တဒေါ်လာ ပြင်ပပေါက်စျေး အရောင်း ၄၂၇၀ ကျပ်ဝန်းကျင်၊ အဝယ် ၄၁၇၀ ကျပ်ဝန်းကျင်မှာ ရှိနေတာ တွေ့ရပြီး ကမ္ဘာ့ရွှေဈေးကတော့ တအောင်စ ဒေါ်လာ ၄၇၀၁ ဝန်းကျင်မှာ ရောက်ရှိနေပါတယ်။
Photo – CJ
#voiceofmyanmar #VOM #ဘဏ်အကောင့် #ရွှေရောင်းဝယ်မှု #ဗဟိုဘဏ် #ပုဂ္ဂလိကဘဏ် #ငွေထုတ်ယူမှု #ကန့်သတ်ချက်