တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာ လာမည်
ဧရာဝတီ၊ ဧပြီ ၂၁၊ ၂၀၂၆
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝမ်ယိသည် သက်ဆိုင်ရာ နိုင်ငံများ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် ပြောသည်ဟု ဆင်ဟွာ သတင်းဌာန၌ ယနေ့ ဖော်ပြသည်။
ခရီးစဉ်အတွင်း ဝမ်ယိသည် တရုတ်ကာကွယ်ရေးဝန်ကြီး တုန်းကျွင်း (Dong Jun) နှင့်အတူ တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများအကြား ပထမဆုံးအကြိမ် ကျင်းပမည့် “2+2” ဗျူဟာမြောက် ဆွေးနွေးပွဲယန္တရား အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောထားသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်ထိန်းသိမ်းရန် စစ်ကောင်စီ အားထုတ်မှုကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ဝမ်ယိက ပြောဆိုခဲ့ပြီး ၉ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရန် ထိုင်းနိုင်ငံကို မသွားမီ မြန်မာနိုင်ငံသို့ ၂၀၂၄ ဩဂုတ်လ ၁၄ ရက်က နောက်ဆုံးအကြိမ် လာရောက်ခဲ့သေးသည်။