နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တင်းကျပ်စောင့်ကြည့်နေ၊ ဒေါက်တာမျိုးညွန့် ခေါ်ယူစစ်ဆေးခံရ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တင်းကျပ်စောင့်ကြည့်နေ၊ ဒေါက်တာမျိုးညွန့် ခေါ်ယူစစ်ဆေးခံရ
DVB
အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ပြည်သူရွေးကောက်တင်မြှောက်ခံ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို နေပြည်တော်ရှိ သူ့ရဲ့နေအိမ်ရှေ့မှာ စစ်အာဏာရှင်တပ်က စောင့်ကြည့် စစ်ဆေးမှုတွေ တင်းကျပ်ပြုလုပ်နေပါတယ်။
ဒါ့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ ပါတီပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ကို ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့မှာ စစ်အာဏာရှင် လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ခေါ်ယူစစ်ဆေးခဲ့ပြီး ဧပြီ ၁၉ ရက်မှ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းမြစ်က DVB ကို ပြောပါတယ်။
“အခုလို ခေါ်ယူစစ်ဆေးရတဲ့ အကြောင်းရင်းကတော့ ဒေါက်တာမျိုးညွန့်ဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာမှုနဲ့ ပတ်သက်ပြီး သတင်းဌာနတချို့ကို ဖြေကြားခဲ့တာတွေကြောင့် ဖြစ်သလို NLD ဗဟိုအလုပ်အမှုဆောင်တဦးအနေနဲ့ တခြားသော အလုပ်အမှုဆောင် တချို့နဲ့အတူ သမ္မတဟောင်း ဦးထင်ကျော် ဇနီးမောင်နှံနဲ့ လိုက်ပါပြီး သမ္မတ ဦးဝင်းမြင့်ရဲ့ နေအိမ်ကို သွားရောက်ကာ ဂါရဝပြု ကန်တော့ခဲ့တာတွေကြောင့်လို့ ယူဆရပါတယ်။”
အခုလို ခေါ်ယူစစ်ဆေးခံရတာနဲ့ ပတ်သက်လို့ ဒေါက်တာမျိုးညွန့်ကို DVB အနေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရတော့ပါဘူး။
လတ်တလောမှာတော့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ နေအိမ်ရှေ့မှာတင်မကဘဲ NLD ဗဟိုအလုပ်အမှုဆောင် တချို့ရဲ့ နေအိမ်တွေရှေ့မှာပါ စစ်ထောင်လှမ်းရေးတွေက တင်းကျပ် စောင့်ကြည့် စစ်ဆေးနေပါတယ်။
သမ္မတ ဦးဝင်းမြင့်ဆီ သွားရောက် ဂါရဝပြုလိုသူတိုင်းဟာ မှတ်ပုံတင် စစ်ဆေးခံရတာအပြင် PSMS နည်းပညာတွေကိုပါ အသုံးပြုပြီး ကြိုတင်စစ်ဆေးမှုတွေကို ဖြတ်သန်းကြရပါတယ်။
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဧပြီ ၁၇ ရက်နေ့မှာ အကျဉ်းသား ၄,၃၀၀ ကျော်ကို စစ်အာဏာရှင်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ရာမှာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသားတချို့ လွတ်မြောက်လာခဲ့တာပါ။
နေပြည်တော်ရှိ မိသားစုငှားထားတဲ့ အိမ်မှာ ရောက်ရှိနေထိုင်နေတဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ဟာ အကျဉ်းထောင်က ပြန်လွတ်လာပေမဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်မရှိဘဲ အိမ်ရှေ့မှာ အချိန်ပြည့် စောင့်ကြည့်ခံနေရတာကြောင့် နေအိမ်အကျယ်ချုပ်ပုံစံမျိုး ဖြစ်နေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
Photo: နိုင်ငံတော်သမ္မတရုံး
#နိုင်ငံတော်သမ္မတ #ဦးဝင်းမြင့် #ဒေါက်တာမျိုးညွန့် #စစ်အာဏာရှင်တပ် #dvb