ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် သားဖြစ်သူ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် သားဖြစ်သူ တောင်းဆို
ဧရာဝတီ၊ ဧပြီ ၁၉၊ ၂၀၂၆
မြန်မာနှစ်ဆန်း (၁) ရက်နေ့၌ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်၏ လွတ်ငြိမ်းပေးမှုတွင် ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့် ပါဝင်ခဲ့သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့ပြီး ထူးခြားမှုတစုံတရာမရှိသည့်အပြင် မိသားစုထံသို့လည်း ဆက်သွယ်အကြောင်းကြားခြင်းမရှိသဖြင့် သက်ရှိထင်ရှား ဘေးကင်းစွာ ရှိနေသည်ကို သက်သေပြပေးရန် သားဖြစ်သူ Kim Aris (ခ) ကိုထိန်လင်းက ထုတ်ပြန် တောင်းဆိုသည်။
ကိုထိန်လင်းက “သားတဦးအနေနဲ့ ရိုးရှင်းတဲ့အရာတခုကိုပဲ တောင်းဆိုပါတယ်။ မေမေ အသက်ရှင်နေသေးတယ်ဆိုရင် သက်ရှိထင်ရှားရှိကြောင်း အထောက်အထားပြပါ” ဟု ပြောဆိုထားသည်။
၎င်းက ဆက်လက်၍ မည်သည့် လွတ်ငြိမ်းချမ်းသာခွင့်ကိုမဆို ကြိုဆိုသော်လည်း၊ အရေးပါသော ရွေးကောက်ခံခေါင်းဆောင်များနှင့် ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ဖမ်းဆီးထားပြီး လူနည်းစုကိုသာ လွှတ်ပေးခြင်းမှာ အဓိပ္ပာယ်ရှိသော တိုးတက်မှုမဟုတ်ကြောင်းနှင့် ယင်းမှာ စစ်အုပ်စု၏ နိုင်ငံတကာ အသိအမှတ်ပြုခံရလိုသည့် ဗျူဟာမြောက် လုပ်ဆောင်ချက်တခုသာဖြစ်ကြောင်း ထောက်ပြထားသည်။
စစ်တပ်၏ ထိုလုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံ၏ လက်တွေ့အခြေအနေမှာ ပြောင်းလဲသွားခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားအများအပြား သံတိုင်နောက်တွင် ရှိနေဆဲဖြစ်သလို အရပ်သားများ ဆက်လက် ဒုက္ခရောက်နေရဆဲဖြစ်ကြောင်းလည်း ဆိုထားသည်။
ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ဤလုပ်ရပ်များကို တိုးတက်မှုအဖြစ် အထင်မမှားသင့်ကြောင်းနှင့် တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ ထိတွေ့ဆက်ဆံခြင်းသည် လက်ရှိ ဖိနှိပ်မှုများကို တရားဝင်ဖြစ်စေရန် အားပေးသကဲ့သို့ ဖြစ်နိုင်ကြောင်းလည်း ကိုထိန်လင်းက သတိပေးထားသည်။
ဧပြီ ၁၇ ရက် လွတ်ငြိမ်းတွင် ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကိုသာ လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီက စွပ်စွဲထောင်ချထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ လက်ကျန်ထောင်ဒဏ် (၂၇) နှစ်အနက် ၄ နှစ်နှင့် ၆ လခန့် လျော့နည်းသွားနိုင်သည်ဟူသော ခန့်မှန်းချက်မှလွဲ၍ ကျန်သတင်းအချက်အလက်များကိုမူ မသိရှိရသေးပေ။
မိခင်ဖြစ်သူနှင့် ပတ်သက်၍ သတင်းအစအန မရရှိဘဲ အဆက်အသွယ် ပြတ်တောက်နေသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် မိခင်ဖြစ်သူ ကွယ်လွန်သွားခြင်းမျိုး ဖြစ်နိုင်သည်အထိ စိုးရိမ်ပူပန်နေရကြောင်း ကိုထိန်လင်းက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း ထုတ်ဖော်ပြောဆိုခဲ့သေးသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup