AA နှင့် တရုတ် သီးသန့်တွေ့မည်

(ရခိုင်ထိ ဖောက်မည့် BRI ရထားလမ်း စီမံကိန်းအတွက်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်တရုတ် စတင်တွေ့ဆုံ)

နိရ‌ဥ္စရာ၊ ဧပြီ ၁၉/၂၀၂၆

တရုတ်နိုင်ငံ ကူမင်းမြို့မှ မန္တလေးကိုဖြတ်ပြီးရခိုင်ပြည် ကျောက်ဖြူအထိ ပေါက်ရောက်မည့် BRI ရထားလမ်း စီမံကိန်းအတွက်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို တရုတ်ကိုယ်စားလှယ်အဖွဲ့ ကရှမ်းပြည်နယ် လားရှိုးမြို့တွင် လာရောက်တွေ့ဆုံခဲ့ပြီး များမကြာမီ အာရက္ခတပ်တော် (AA) နှင့် သီးသန့်တွေ့မည်ဟု ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်ထံမှသိရသည်။

ဧပြီ ၁၃ ရက်နေ့တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီ၊ “ဝ”တပ်ဖွဲ့- UWSA၊ ကိုးကန့်တပ်ဖွဲ့- MNDAA၊ ရှမ်းတပ်ဖွဲ့ – SSPP တို့နှင့် လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အာရက္ခတပ်တော်အေအေကိုလည်း သီးသန့်တွေ့ဆုံမည်ဟု ကြားထားကြောင်း အဆိုပါစစ်ရေး သတင်းအမြစ်ကဆိုသည်။

“ အခုတွေ့သွားတာမှာ ပထမတော့ အေအေပါမယ်လို့ ကြားတယ်။နောက်တော့ မပါဘူးလို့သိရတယ်။ကျောက်ဖြူမှာတိုက်ပွဲတွေရှိနေတယ်။တရုတ်၏ BRI ပိုးလမ်းမ ရထားလမ်းစီမံကိန်း က စီမံကိန်းက ကျောက်ဖြူအထိသွားမှာ။ အခုလဲ လုံခြုံရေးအတွက်ပြောကြတာ ရခိုင်ကျောက်ဖြူအတွက် တရုတ်ကအေအေနဲ့ သီးသန့်ပြောမယ်လို့ ကြားထားတယ်” ဟုပြောသည်။

အဆိုပါ BRI စီမံကိန်းအရ တရုတ်နိုင်ငံ ကူမင်းမြို့မှ ရခိုင်ပြည် ကျောက်ဖြူအထိ ပေါက်ရောက်မည့် ရထားလမ်းစီမံကိန်းကို တရုတ်က ယခုနှစ်တွင် ဆောင်ရွက်သွားမည် ဖြစ်သည်ဟုသိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်ဆက်သွယ်ပေးမည့် BRI ပိုးလမ်းမ ရထားလမ်း စီမံကိန်းကို တရုတ်ဖက်က မေလတွင် ပြန်လည်စတင်ရန် စီစဉ်လျက်ရှိကာ စီမံကိန်းတွင်သုံးမည့် စက်ယန္တရားပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်းလည်းသိရသည်။

BRI ရထားလမ်းစီမံကိန်း လုံခြုံရေးအတွက် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များကို တရုတ်ကတွေ့ဆုံနေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်း ၃ ခုကနိရ‌ဉ္စရာကို အတည်ပြုသည်။

ထို့သို့ တွေ့ဆုံသည့် အချိန်တွင် ကိုးကန့်တပ်ဖွဲ့သည် နမ္မတူနယ်စပ်နှင့် မူဆယ်၊ နမ့်ခမ်းဖက်တွင် အင်အားတိုးမြှင့် ချထားလာသကဲ့သို့ BRI စီမံကိန်း လမ်းကြောင်းပေါ်တွင် ရှိသည့် နမ္မတူနှင့် သီပေါ မြို့နယ်အစပ် နားကျိုင်းတွင်လည်း SSPP တပ်ဖွဲ့က အင်အားတိုးချဲ့ ဖြည့်တင်းမှု ပြုလုပ်ခဲ့ကာ ကျောက်ဖြူတွင်လည်း တိုက်ပွဲများရှိခဲ့ကြောင်း ဒေသတွင်း သတင်းများအရသိရသည်။

ယင်း BRI စီမံကိန်းအရ တရုတ်နိုင်ငံ ကူမင်းမြို့မှ မန္တလေးဖြတ်ကာ ရခိုင်ပြည် ကျောက်ဖြူအထိ ပေါက်ရောက်မည်ဖြစ်ကာရထားလမ်းစီမံကိန်းကို တရုတ်က ယခုနှစ်တွင် ဆောင်ရွက်သွားရန်ကြိုးစားနေခြင်း ဖြစ်သည်။

ကူမင်း – ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် စုစုပေါင်း ၁၅၀၀ ကီလိုမီတာခန့် ရှည်လျားပြီး စီမံကိန်းအတွင်း တံတား ၁၂၄စင်း၊ လိုဏ်ဂူလမ်း ၆၀၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၁ ခု ပါဝင်ပြီး ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ဘီလီယံခန့် ကုန်ကျမည်ဟု တရုတ်သတင်းဌာနများတွင် ဖော်ပြခဲ့ကြသည်။