သမ္မတဦးဝင်းမြင့်အား NUCC ကြိုဆို၊ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်နိုင်ကျဉ်းတွေ လွတ်ရေးကြိုးပမ်းမယ်လို့ ထုတ်ပြန်
ဧပြီ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သမ္မတအားကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ရာ သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို ပြည်သူတွေနဲ့အတူ များစွာ ဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ဧပြီ ၁၇ရက်မှာ ပြန်လွှတ်ပေးခဲ့တဲ့ သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ သမ္မတ အဖြစ် တရားဝင်ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်ကြောင်းလည်း သဝဏ်လွှာမှာ ပါရှိပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် NUCC အနေနဲ့ ဆက်လက်ကြိုးပမ်းမယ်လို့လည်း ထုတ်ပြန်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ပြည်သူလူထုမှ ဒီမိုကရေစီနည်းလမ်းကျ အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နေစဉ် အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှု ခံခဲ့ရတာဖြစ်တယ်လို့ဖော်ပြပါတယ်။ စစ်အုပ်စုဟာ သူတို့ ကိုယ်တိုင်ရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်တာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အတွက် ပြည်သူတရပ်လုံး တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူလက်တွဲပြီး နွေဦးတော်လှန်ရေးအောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးထားပါတယ်။
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကလည်း နှစ်သစ်ဆုတောင်းလွှာကို ဧပြီ ၁၇ရက်က ထုတ်ပြန်ခဲ့ရာ
ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရခြင်းမှ ပြန်လည် လွတ်မြောက်လာခြင်းအတွက် ဝမ်းမြောက်ပါကြောင်းဖော်ပြကာ ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာပါစေဟု ဆုတောင်းပေးခဲ့ပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ကြပါစေလို့လည်း မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ နှစ်သစ်ဆုတောင်းလွှာမှာ ဖော်ပြထားပါတယ်။
(နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးတို့ လွတ်မြောက်လာပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – Htin Lin Oo/FB)