အိမ်နီးချင်းကြောင့် ညီညွတ်ရေး အတားအဆီးရှိနေဟု NUG ပြော

အိမ်နီးချင်းကြောင့် ညီညွတ်ရေး အတားအဆီးရှိနေဟု NUG ပြော
ဧရာဝတီ၊ ဧပြီ ၁၆၊ ၂၀၂၆
အိမ်နီးချင်းနိုင်ငံများ၏ လွှမ်းမိုးမှုများကြောင့် ညီညွတ်ရေးတွင် အတားအဆီးများရှိနေဆဲဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီလ ၁၆ ရက်တွင်ကျရောက်သည့် NUG အစိုးရ ၅ နှစ်ပြည့် မိန့်ခွန်း၌ ထည့်သွင်းပြောသည်။
တော်လှန်ရေးအင်အားစုများကြား သမိုင်းကြောင်းဆိုင်ရာ မယုံကြည်မှုများ၊ အိမ်နီးချင်းနိုင်ငံများ၏ လွှမ်းမိုးမှုကြောင့် ညီညွတ်ရေးတွင် အတားအဆီးများရှိနေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
အိမ်နီးချင်းတရုတ်နိုင်ငံ၏ ကြားဝင်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA), ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)တို့သည် စစ်တပ်နှင့် အပစ်ရပ်စဲရေး သဘောတူညီမှုကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ခဲ့ကြသည်။
“ဒီတော်လှန်ရေးခရီးမှာ “ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့ပဲ ရှိပါတယ်”။ ပြည်သူလူထုရဲ့ အားကိုးရာဟာ ပြည်သူလူထုပါပဲ။ စစ်တပ်က လက်နက်နဲ့ ငွေကြေး သာလွန်ကောင်း သာလွန်နိုင်ပေမယ့် ကျနော်တို့မှာ သူတို့မရှိတဲ့ “မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ တရားမျှတမှု” ရှိပါတယ်။ ကျနော်တို့အားလုံး အတူလက်တွဲပြီး စစ်အာဏာရှင်စနစ် ကင်းစင်တဲ့၊ လွတ်လပ်ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ မရပ်မနား ဆက်လက်ချီတက်သွားကြပါစို့” ဟု ယာယီသမ္မတက ပြောသည်။
တော်လှန်ရေးအောင်မြင်ရန် အဓိက သော့ချက်မှာ အင်အားစုများကြား ညီညွတ်မှုဖြစ်သည့်အတွက် အချင်းချင်းပြစ်တင်ကဲ့ရဲ့ ခြင်းများ ရှောင်ကြဉ်ကာ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို အာရုံစိုက်ကြရန်၊ တော်လှန်ရေးအရှိန် ပျက်ပြားအောင် လှုံ့ဆော်နေသူများအား သတိပြုကာ တော်လှန်ရေး အထောက်အကူပြုမည့် ဝေဖန်အကြံပြုချက်များကိုသာ ဝန်းရံကြရန်လည်း မေတ္တာရပ်ခံထားသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် နွေဦးတော်လှန်ရေး၏ ညီညွတ်ရေးပြယုဂ်ဖြစ်ပြီး စစ်တပ်ကို ညီညွတ်မှုဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကောင်စီတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO), ကရင်အမျိုးသားအစည်းအရုံး (KNU), ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP), ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC),ချင်းအမျိုးသားတပ်ဦး( CNF), ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် NUG အစိုးရတို့ ကနဦးအနေဖြင့် ပါဝင်ဖွဲ့စည်းထားပြီး မပါဝင်သေးသည့် အင်အားစုများ ပါဝင်လာရေး ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ပြောသည်။
စစ်ရေးအရ လက်တွဲကူညီမှုများတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကြီးများ၏ အားပေး ကူညီမှုများကို လက်တွေ့ကျကျ ရယူခဲ့ကြောင်း၊ လက်ရှိ အချိန်အထိ ပြည်သူ့ ကာကွယ်ရေး တပ်မတော်သားအားလုံး၏ စစ်ရေးစွမ်းရည်များမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ အားပေးကူညီမှုများကြောင့် အချိန်တိုအတွင်း တိုးတက်မှုများ အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် အတူ၊ တိုင်းရင်းသားမဟာမိတ်များ၏ ပူးပေါင်းပေါင်းဝင်မှုများမှာ အနာဂတ် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများဖြစ်ကြောင်းလည်း ဆိုသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup