■ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အဖွဲ့ကို ကြိုဆိုဂုဏ်ပြုကြောင်း TNLA ပြေ

■ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အဖွဲ့ကို ကြိုဆိုဂုဏ်ပြုကြောင်း TNLA ပြော
Western News| ဧပြီ ၁၅
နေ့စဉ် အကြမ်းဖက်မှုကို ကျူးလွန်နေသော အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် တရားမဝင် အစိုးရသစ်အဖွဲ့အစည်းကို ကြိုဆိုဂုဏ်ပြုကြောင်း တအာင်းတပ် TNLA က ယနေ့ ဧပြီလ ၁၅ ရက်တွင် သဝဏ်လွှာ ပေးပို့ထားသည်။
“၂၀၂၆ ခုနှစ် ဧပြီလ ပထမ အပတ်မှာ ဦးမင်းအောင်လှိုင်အား နိုင်ငံတော် သမ္မတ တာဝန် ရွေးချယ်ခန့်အပ်ပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်တဲ့အပေါ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF က ကြိုဆို ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ပါတယ်” ဟု PSLF/TNLA က ထုတ်ပြန်ထားခြင်းဖြစ်သည်။
တရုတ်အစိုးရ ကြားဝင်စေ့စပ်ပေးမှုဖြင့် TNLA တပ်နှင့် အကြမ်းဖက် မြန်မာစစ်တပ်တို့ကြား ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နှစ်ဖက် အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားကြခြင်းဖြစ်သည်။
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာဖြေရှင်းရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး က မျှော်လင့်ထားကြောင်းလည်း ပြောသည်။
“PSLF အနေနဲ့ မြန်မာစစ်တပ်နဲ့အတူ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ မြန်မာအစိုးရသစ်နဲ့ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်တွေကို ဆက်လက် ထိန်းသိမ်းပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းတွေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ဖို့ အထူးမျှော်လင့်ပါတယ်” ဟု TNLA က ဆိုသည်။
PSLF/TNLA တပ်သည် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး AA ကလွဲပြီး TNLA နှင့် MNDAA တို့မှာ အကြမ်းဖက်စစ်တပ်နှင့် အပစ်အခတ် ရပ်စဲထားကြခြင်းဖြစ်သည်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော အာရက္ခတပ်တော် AA မှာ အကြမ်းဖက် စစ်တပ်နှင့် ဆွေးနွေးညှိနှိုင်းခြင်းများ မရှိသလို အပစ်အခတ်ရပ်စဲထားခြင်းလည်း မရှိသည့်အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြသည်။
ဟိုင်ဂင်သဘောတူညီချက်အရ တရုတ်ကြားဝင်မှုဖြင့် TNLA နှင့် MNDAA တို့ကို အကြမ်းဖက် စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်နိုင်ခဲ့ပြီးနောက် အာရက္ခတပ်တော် AA ကိုလည်း ဆွေးနွေးညှိနှိုင်းရန် တရုတ်အစိုးရကို စစ်ကောင်စီက တွန်းအားပေးနေကြောင်း သိရသည်။
အာရက္ခတပ်တော် AA က လက်ရှိ သိမ်းပိုက်ထားသော မြို့များကို ပေးမည်မဟုတ်ကြောင်း သိရပြီး ကျန်ရှိနေသော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့ကိုလည်း ၂၀၂၇ ခုနှစ် မတိုင်မီ အပြီးသတ် သိမ်းပိုက်သွားမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားသည်။
ရခိုင်ပြည် အလုံးစုံလွတ်မြောက်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတို့အတွက် အကြမ်းဖက် စစ်ကောင်စီတပ်ကို မိုးအဆုံးမြေအဆုံး ချီတက် တိုက်ပွဲဝင်သွားမည်ဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်သူများနှင့် တပ်ဖွဲ့ဝင်များအား ကတိပေး ပြောဆိုထားသည်။
#WesternNews #WN #အကြမ်းဖက်စစ်ကောင်စီ #စစ်ခေါင်းဆောင်မင်းအောင်လှိုင် #စစ်ဇရာဝတ်သား #TNLA #ဂုဏ်ပြုသဝဏ်လွှာပေးပို့ #ညီနောင်မဟာမိတ်အဖွဲ့ #အာရက္ခတပ်တော်