ဖလမ်းမြို့နယ်၊ ခွါးလ်လီရွာအနီး စစ်တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြား

ဖလမ်းမြို့နယ်၊ ခွါးလ်လီရွာအနီး စစ်တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြား
ရန်ကုန်၊ ဧပြီ ၁၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ခွါးလ်လီကျေးရွာအနီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ (SSPC) တပ်စခန်းတစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းမှ လက်နက် ၂၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း CNA ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ခွါးလ်လီကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၄ ရက်နေ့ ယမန်နေ့နံနက်တွင် စခန်းတစ်ခုလုံးကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
CNA ရှေ့တန်းသတင်းရင်းမြစ်များ၏ အဆိုအရ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ချင်းပူးပေါင်းတပ်များက ဆက်လက်လိုက်လံတိုက်ခိုက်နေဆဲ ဖြစ်သည်။
“စစ်ခွေးတွေဘက်က သေဆုံးမှုရှိတယ်။ သေဆုံးမှုမရှိဘဲ ဘယ်လက်နက်တွေ သိမ်းနိုင်မလဲ။ အခုက တိုက်ပွဲက ဆက်လက်ပြင်းထန်နေတုန်းပဲ။ ဒီတိုက်ပွဲမှာ ချင်းပြည်နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်တွေအားလုံး ပူးပေါင်းပြီး တိုက်ခိုက်တာပါ” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
အဆိုပါ တိုက်ပွဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီထံမှ သေနတ်အလက် ၂၀ ကျော်နှင့်အတူ ခဲယမ်းမီးကျောက် အမြောက်အမြားကို သိမ်းဆည်းနိုင်ခဲ့ခြင်းမှာ စစ်မြေပြင်အတွက် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း CNA သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် တိုက်ခိုက်ခံလိုက်ရသည့် စစ်တပ်မှာ ဆူရ်ဘုန် (Surbung) လေယာဉ်ကွင်းဘက်သို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသည့်အဖွဲ့များ ဖြစ်သောကြောင့် တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာနိုင်မည့် အခြေအနေရှိနေကြောင်း သိရှိရသည်။
စစ်တပ်က မြေပြင်စစ်ကူများ ဖြည့်တင်းနေသည့်အပြင် လေကြောင်းမှပါ အပြင်းအထန် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။