မင်းအောင်လှိုင် သမ္မတကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးသော်လည်း ဧပြီလ ၁၃ ရက်နေ့ ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကမ္ဘာ့ နိုင်ငံများ အကြီးအကဲများစာရင်းတွင် မြန်မာနိုင်ငံ အကြီးအကဲအဖြစ် သမ္မတ ဦးဝင်းမြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်ဖော်ပြထား၊ မင်းအောင်လှိုင်ကို သမ္မတအဖြစ် ကုလသမဂ္ဂက အသိအမှတ်မပြု
ရန်ကုန်၊ ဧပြီ ၁၄




အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးသော်လည်း ယမန်နေ့ ထုတ်ပြန်သော ကုလသမဂ္ဂ၏ ကမ္ဘာ့နိုင်ငံအကြီး အကဲများဆိုင်ရာ နောက်ဆုံးစာရင်းတွင် မြန်မာနိုင်ငံတော် အကြီးအကဲအဖြစ် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်ဖော်ပြထားသည်။
ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂက ကမ္ဘာတစ်ဝန်းမှ နိုင်ငံ့ခေါင်း ဆောင်များ၏ စာရင်းကို နောက်ဆုံး ထုတ်ပြန်ထားရာတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် လုံး၀ ဖော်ပြခြင်းမပြုခဲ့ပေ။
ကုလသမဂ္ဂ၏ နိုင်ငံအကြီးအကဲများစာရင်းတွင် မြန်မာနိုင်ငံတော်အကြီးအကဲအဖြစ် ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ သမ္မတ ဖြစ်လာသော သမ္မတ ဦးဝင်းမြင့်၊ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသော ဒေါ်အောင်ဆန်းစုကြည်တို့၏ အမည်စာရင်းများကိုသာ ဆက်လက်ဖော် ပြထားခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ အကြမ်း ဖက် လွှတ် တော်တွင် အတင်းအကျပ် လုယူထားသော သမ္မတအဖြစ် ကျမ်း သစ္စာ ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကုလသမဂ္ဂ၏ ကမ္ဘာ့နိုင်ငံများ အကြီး အကဲစာရင်းတွင် မင်းအောင်လှိုင်ကို ဧပြီလ ၁၃ ရက်နေ့အထိ သမ္မတအဖြစ် လုံး၀ ဖော်ပြခြင်းမပြုခြင်းဖြစ်သည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နေရာတွင်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂက ဆက်လက် အတည်ပြု ဖော်ပြထားသည်ကို တွေ့ရှိရသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် နှစ် ဆန်းပိုင်းတွင် အတုအယောင် ရွေးကောက်ပွဲကို ၃ ကြိမ်ခွဲ၍ ကျင်းပခဲ့ပြီး ကြံ့ဖွတ်ပါတီက အများစု အနိုင်ရရှိသည်ဟု ကြေညာကာ မင်းအောင်လှိုင်က သမ္မတအဖြစ် တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်ကို တရုတ်၊ ဘယ်လာရုစ်၊ ရုရှား အပါအဝင် နိုင်ငံပေါင်း ၁၀ ခုကျော်ကသာ သမ္မတအဖြစ် အသိအမှတ်ပြုသော်လည်း ကုလ သမဂ္ဂကမူ မင်းအောင်လှိုင်ကို သမ္မတအဖြစ် လုံး၀ အသိအမှတ်ပြုခြင်းမရှိသေးပေ။
၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ ကုလသမဂ္ဂက အသိအမှတ်ပြုထားသော ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ စာရင်းကို https://www.un.org/…/Documents_Protocol/hspmfmlist.pdf… တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။